News

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရေးမြို့တွင် ပြုလုပ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ဆုံးဖြတ် လိုက်ကြောင်း အဆိုပါအစည်းအဝေးထံမှ သိရသည်။

အဆိုပါ မွန် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လတ်တလော လက်မှတ် ထိုးထားသည့် မွန်ပြည်သစ်ပါတီ 
(NMSP) က ဦးဆောင်ကျင်းပခွင့် ရရှိမည်ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ကျင်းပမည့်မြို့အဖြစ် မွန်ပြည်နယ် ရေးမြို့အဖြစ် အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ပြီး ကျင်းပမည့်နေ့ရက်ကိုမူ မဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ရက်ကတော့ သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှပဲ ပြောလို့ရမှာပေါ့။ ကျွန်တော်တို့ မနေ့က ဆုံးဖြတ်လိုက်တဲ့အထဲမှာ ရက်တော့ မပါဘူး”ဟု ၎င်းကဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး NLD အစိုးရလက်ထက် ပထမ ဦးဆုံး လက်မှတ်ထိုးသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်လာသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေရှိသောအဖွဲ့ ဖြစ်သောကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး လားဟူ အဖွဲ့ကမူ ထိန်းချုပ်နယ်မြေမရှိသောကြောင့် ကျင်းပခွင့်ရမည်မဟုတ်ပေ။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ပြေလည်ခြင်း မရှိသေးသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့နှင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချနိုင်ခြင်း မရှိသေးဘဲ ညှိနှိုင်းနေဆဲဖြစ်ကြောင်း UPDJC ထံမှ သိရသည်။

အပစ်ရပ် လက်မှတ်ထိုးထားသည့် ဒေသအသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးနောက် ယင်းဆွေးနွေးပွဲများမှ တက်လာသည့်စာတမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းဆွေးနွေးရမည်ဖြစ်သည်။

လက်ရှိတွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး ကျင်းပမည့်ကာလကို ဆိုင်းငံ့ထားလိုက်ပြီး မွန်နှင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးစီးမှသာ ညီလာခံကို ပြန်လည် ကျင်းပဖွယ်ရှိသည်။

J-08



FOLLOW US