News

17-Dec-2017

KIO ကချင် KIA
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ် ဖားကန့်နှင့်မန်စီ မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၁၅ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေ အတိအကျကို အတည် မပြုနိုင်သေးကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောကြားသည်။

“မနေ့ကတော့ တိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဆက်သွယ်ရေးလိုင်းတွေ ကျနေတယ်”ဟု ၎င်းက ဆိုသည်။

တပ်မတော်ဘက်မှ KIO ထိန်းချုပ် ဧရိယာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုအချို့လည်း လုပ်ခဲ့ကြောင်း KIO က စွပ်စွဲထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့မရဲစခန်းအနီးတစ်ဝိုက်တွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်ကလည်း KIA အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ် တနိုင်းမြို့နယ် ဒွန်ဘန်ကျေးရွာ၏ အရှေ့တောင်ဘက် သုံးမိုင်အကွာရှိ တနိုင်း-မြစ်ကြီးနား ကားလမ်းပေါ်တွင် တနိုင်းမှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လျက်ရှိသည့် မြေသယ်ယာဉ်ကိုးစီးကို ဆက်ကြေး မပေးနိုင်၍ KIA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်ကို တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် စစ်ရှောင်စခန်းများမှ ဒုက္ခသည်များ ပြန်လည် နေထိုင်နိုင်မည့် ကျေးရွာစာရင်းများကို ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကောက်ခံလျက်ရှိပြီး ပြန်လည် နေထိုင်နိုင်သည့် ကျေးရွာ ၃၀ ကျော်ရှိကြောင်း KBC ထံမှ သိရသည်။

တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လပိုင်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ဒေသခံများ နေရပ်စွန့်ခွာ၍ စစ်ပြေးဒုက္ခသည် စခန်းများတွင် ရှောင်တိမ်းနေရသူများ အများအပြား ရှိနေသည်။

KIA လက်နက်ကိုင်အဖွဲ့သည် တပ်မတော်က အကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ထားသည့်အဖွဲ့ဖြစ်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဦးဆောင်သည့် နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ FCNPP တွင်လည်း ပါဝင်နေသည်။

J-08

  • VIA


FOLLOW US