21-Nov-2016

ကချင်
ကချင်ပြည်နယ် မြောက်ဖျားပိုင်းတွင် ရေခဲမှတ်အောက် ရောက်သည့်အထိ အအေးပိုနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၂၁

ဆောင်းလေအေးများ တိုးဝင်နေမှုကြောင့် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အအေးပိုနေရာ၌ ကချင်ပြည်နယ် မြောက်ဖျားဒေသတွင် ရေခဲမှတ်အောက် ရောက်သည်အထိ အအေးပိုနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ထို့ပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတို့တွင် ဂဏန်း တစ်လုံး အပူချိန် (၁ဝ ဒီဂရီစင်တီဂရိတ် အောက်)သို့ ရောက်ရှိကာ အအေးပိုနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

လက်ရှိ အပူပိုင်း ပစိဖိတ် သမုဒ္ဒရာ အရှေ့ အလယ်ပိုင်း ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု အခြေအနေအရ အေး၍ ခြောက်သွေ့သည့် လာနီညာနှစ်ဖြစ်ရန် အလွန် နီးစပ်နေသည့်အတွက် ယင်းအရှိန်ကြောင့် အအေး ပိုနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က သုံးသပ် ပြောဆိုသည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံပေါ်တွင်ဖြစ်နေသည့် လေဖိအားများ ရပ်ဝန်း (China High) အားကောင်းနေသည့်အတွက် အဆိုပါ ဒေသများတွင် ညအပူချိန်များ ကျဆင်းပြီး အအေး ပိုနေရခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

ညအပူချိန်များ ကျဆင်းနေရာတွင် ထူးခြားသည့် ည အပူချိန်များမှာ ဟားခါးမြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်မြို့တွင် ၆ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ နမ့်စန့်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၈ ဒီဂရီ စင်တီဂရိတ်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။



FOLLOW US