News

မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့ အစည်းအဝေး ကျင်းပ
ရန်ကုန်၊ မတ် ၂၇

“ဝ” လက်နက်ကိုင်အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေးကို “ဝ”ဒေသ ပန်ခမ်းတွင် ပြုလုပ်နေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

“ဝ”ဦးဆောင်သည့် လက်နက်ကိုင် ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၆ ရက်မှစ၍ သုံးရက်ကြာ ကျင်းပနေခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးကို FPNCC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ (၂) KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ FPNCC အမြဲတမ်းကော်မတီအတွင်းရေးမှူး “ဝ” ခေါင်းဆောင် ဦးပေါက်ယူရိနှင့်အတူ FPNCC အမြဲတမ်းကော်မတီ အဖွဲ့ဝင် များဖြစ်သည့် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ၏ ခေါင်းဆောင်များ တက်ရောက်ခဲ့ ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာများကို အစည်းအဝေး တက်ရောက်ရာတွင် ပါဝင်သူများသာ သိရှိနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး ကိစ္စရပ်များ ပါဝင်နိုင်မည်ဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

အစည်းအဝေးတွင် FPNCC အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူး ဦးကျောက်ကော်အန်းက (FPNCC) ၏ဒုတိယအကြိမ် ကျင်းပသည့် ယခုအစည်းအဝေးတွင် ဆွေးနွေးမည့်အချက်များကိုဖတ်ကြားပြီး FPNCC အမြဲတမ်း ကော်မတီဥက္ကဋ္ဌ (၁) ဦးပေါက်ယူချန်း၏ မိန့်ခွန်းစကားကို ဆက်လက် ဖတ်ကြားခဲ့ကြောင်း အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။

ယင်းနောက်တွင် FPNCC ဥက္ကဋ္ဌ (၂) အင်ဘန်လက ဆက်လက် မိန့်ခွန်းပြောကြားပြီး FPNCC အဖွဲ့ဝင်များဖြစ်သည့် ကျန်လက်နက်ကိုင်အဖွဲ့တို့က အသီးသီး ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝ”တပ်ဖွဲ့ ဦးဆောင်သည့် နိုင်ငံရေး ဆွေးနွေးမှုကော်မတီ FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလား (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ တအာင်း - ပလောင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်နေသည်။

J-08



FOLLOW US