News

30-Dec-2017

မြစ်ကြီးနား KIA
တနိုင်းဒေသတွင် တိုက်ပွဲများ ပြင်းထန်၍ ပယင်းမှော်လုပ်သားများ တိမ်းရှောင်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်၊ တနိုင်းဒေသအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ (ကေအိုင်အေ) တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တနိုင်းဒေသရှိ ပယင်းမှော်နှင့် ရွှေမှော်လုပ်ကွက်များတွင် လုပ်ကိုင်နေသည့် ဒေသခံလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေပြီး အိမ်အပြန် အခက်အခဲဖြစ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

တနိုင်းဒေသအတွင်းရှိ ပယင်းမှော်များတွင် လုပ်ကိုင်သူများ အနေနှင့် စစ်ရေး အခြေအနေ မကောင်းဟုဆိုကာ မိမိနေရပ်များသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသော်လည်း ရွှေမှော်နှင့် ပယင်းမှော် အနီးတစ်ဝိုက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အိမ်ပြန်လာရန် အခက်အခဲများ ဖြစ်နေကြောင်း လူမှုရေးကူညီဆောင်ရွက်ပေးနေသူ ဦးနော်တောင်က ပြောကြားသည်။

“တချို့တွေက အချိန်မီ ထွက်နိုင်လို့ ပြန်လာကြတဲ့လူတွေ ရှိတယ်။ တချို့တွေက မပြန်လာနိုင်သေးဘဲ မှော်ထဲမှာ ရှိနေတဲ့လူတွေ ရှိသေးတယ်။ ဟိုမှာ ပိတ်မိနေတဲ့လူတွေ ရှိနေသေးတယ်လို့ ပြောတယ်”ဟု ၎င်းကဆိုသည်။ 

ယခင်က တနိုင်းမြို့တွင်းမှ ပယင်းမှော်များသို့ နေ့ချင်းပြန် ပယင်းတူးဖော်လုပ်ကိုင်ကြသည့် ဒေသခံများအနေဖြင့်လည်း နှစ်ဖက် တိုက်ပွဲများဖြစ်ပွား၍ လက်နက်ကြီး ပစ်သံများ ကြားနေရသည့်အတွက် ပယင်းတူးဖော်မှုများကို ရပ်ဆိုင်းထားရကြောင်း ပယင်းတူးဖော်လုပ်ကိုင်သူ တနိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။

“မနေ့ ညက တစ်ချို့တွေ ပြန်လာကြတယ်။ အခြေအနေ မကောင်းဘူးဆိုပြီး။ အခု အဲဒီမှာ နေ့ချင်းပြန်သွားတူးတဲ့လူတွေရော မသွားကြတော့ဘူး။ ရပ်ထားကြတယ်။ သေနတ်သံတွေက မြို့ထဲကနေလည်း အမြဲတမ်း ကြားနေရတယ်”ဟု ၎င်းကဆိုသည်။ 

တနိုင်းဒေသတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင်၍ တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ် (KIA/KIO) တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာခဲ့ပြီး တပ်မတော်ဘက်မှလည်း လေယာဉ်မှ ပစ်ခတ်မှုများ ရှိနေကြောင်း၊ တနိုင်းမြို့တွင်းမှ လက်နက်ကြီး ပစ်ခတ်သံများကို နေ့ည ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ ထန်းပရား မှော်၊ ဝမ်းပလာမှော်၊ အောင်လွတ်မှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူ ကုန်းမှော်၊ ညောင်ပင်ကုန်းမှော်နှင့် နန့်ကွမ်းမှော်တို့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟုဆိုကာ ယခုနှစ် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ မှော်လုပ်သားများကို ထွက်ခွာရန် တပ်မတော်က စာထုတ်သတိပေးခဲ့သည်။ 

တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်နှင့် ပယင်းမှော်အများစုသည် တနိုင်းမြို့မှ မိုင် ၂၀၊ ၃၀ ကျော်ခန့်အကွာတွင်ရှိပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) တို့၏ ထိန်းချုပ်နယ်မြေလည်းဖြစ်သည်။

R-06



FOLLOW US