News

04-Sep-2018

Soccer Serie A C Ronaldo Juventus
စီးရီးအေ၏လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် စီရော်နယ်ဒို ရပ်တည်၊ ဒုတိယနေရာတွင်ရှိနေသူ ဟီဂူအင်ထက် လေးဆနီးပါး ပိုများ

တူရင်၊ စက်တင်ဘာ ၎

ရီးရဲလ်မက်ဒရစ်မှနေ၍ ဂျူဗင်တပ်ထံသို့ စီးရီးအေပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သော စီရော်နယ်ဒိုသည် လက်ရှိစီးရီးအေပြိုင်ပွဲ၏လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ၎င်း၏နောက်တွင် စီးရီးအေပြိုင်ပွဲ၏ဒုတိယမြောက်လုပ်ခလစာအများဆုံးရကစားသမားအဖြစ် ရပ်တည်နေသော အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်ထက် လုပ်ခလစာရရှိမှု လေးဆနီးပါး ပိုများပြီး ၎င်းကို ဂျူဗင်တပ်က တစ်ပတ်လျှင် လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၅၃၈,၀၀၀ အထိ ပေးအပ်ထားသည်။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်ထံတွင် တစ်နှစ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၃၁ သန်းရရှိနေပြီး ဟီဂူအင်၏တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်ကမူ ပေါင် ၈ ဒသမ ၅ သန်းသာရှိ၍ ယခုကဲ့သို့ အပြတ်အသတ် ကွာဟသွားခဲ့ရခြင်းလည်းဖြစ်သည်။

စီးရီးအေပြိုင်ပွဲ၏လုပ်ခလစာအများဆုံးရ ကစားသမားစာရင်း၏ထိပ်ဆုံး ၁၁ ဦးတွင် ဂျူဗင်တပ်အသင်း ကိုယ်စားပြု ကစားသမား ခြောက်ဦးအထိ ပါဝင်ခဲ့ပြီး ယင်းကစားသမားများမှာ စီရော်နယ်ဒို၊ ဒိုင်ဘာလာ၊ ပီဂျာနစ်၊ ဒေါက်ဂလပ်စ်ကော်စတာ၊ ဘိုနုချီနှင့် အမ်မရီကန်တို့ ဖြစ်ကြသည်။

စီရော်နယ်ဒိုသည် ကမ္ဘာ့လုပ်ခလစာအများဆုံးကစားသမားစာရင်းတွင် တတိယနေရာ၌ရှိနေပြီး ၎င်း၏အထက်တွင် ရပ်တည်နေသူနှစ်ဦးမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ(ပေါင် ၄၀ ဒသမ ၅ သန်း)နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ(ပေါင် ၃၁ ဒသမ ၇ သန်း)တို့ ဖြစ်ကြသည်။




FOLLOW US