News

02-Aug-2018

Soccer Serie A Juventus AC Milan Bonucci Higuain
အေစီမီလန်ထံသို့ ဟီဂူအင် ပြောင်းရွှေ့ရောက်ရှိ၊ ဘိုနုချီ ဂျူဗင်တပ်ထံသို့ ပြန်လည်ပြောင်းရွှေ့မည်

မီလန်၊ သြဂုတ် ၂

ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူရန် အသင်းအခြေစိုက်ရာ မီလန်မြို့သို့ ရောက်ရှိလာခဲ့သော ဟီဂူအင်ကို အေစီမီလန်ပရိသတ်ထောင်ပေါင်းများစွာက သောင်းသောင်းဖြဖြ ကြိုဆိုသွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်သော ဟီဂူအင်သည် အေစီမီလန်ထံသို့ တစ်နှစ်သက်တမ်းအငှားစာချုပ်ဖြင့် ကနဦးအဆင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အေစီမီလန်ဘက်က ဟီဂူအင်၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျပါက အပြီးသတ်ဝယ်ယူနိုင်စေရန်လည်း ဂျူဗင်တပ်က စီစဉ်ပေးထားသည်။

ဂျူဗင်တပ်သည် အစောပိုင်းက ဟီဂူအင်ကို ချယ်လ်ဆီးထံသို့ရောင်းချရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းနေခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် အေစီမီလန်က ကြားဝင်ကာ ဟီဂူအင်ကို ၎င်းတို့ထံသို့ လက်လွှတ်ပေးမည်ဆိုပါက ဂျူဗင်တပ်အလိုရှိနေသော ဘိုနုချီကို ပြန်လည်ရောင်းထုတ်ပေးမည်ဟု ကမ်းလှမ်းလိုက်ရာတွင် ဂျူဗင်တပ်က ချယ်လ်ဆီးနှင့် ဆွေးနွေးညှိနှိုင်းနေမှုများကို ရပ်ဆိုင်းကာ သဘောထားပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ဟီဂူအင်ကို လာရောက်ကြိုဆိုသော အေစီမီလန်အသင်းအားပေးသူပရိသတ်အရေအတွက် များလွန်းခြင်းကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများကပင် လုံခြုံရေးယူပေးခဲ့ကြရပြီး ဂျူဗင်တပ်မှာ ဟီဂူအင်ကို အေစီမီလန်ထံသို့ ဘောလုံးရာသီ တစ်ရာသီ ငှားရမ်းခြင်းအတွက် ပေါင် ၁၆ သန်းရရှိမည်ဖြစ်ကာ ၎င်းကို အပြီးသတ်ဝယ်ယူမည်ဆိုပါက အေစီမီလန်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၂ သန်း ထပ်မံပေးချေရလိမ့်မည်ဖြစ်သည်။




FOLLOW US