News

POST TAGGED AS

JURGEN KLOPP

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကို ဝေဖန်ထိုးနှက်၍ ကိုယ့်ကိုယ်ကိုယ် မော်ရင်ညို အမွှမ်းတင်

မန်ချက်စတာ၊ စက်တင်ဘာ ၁

မန်ယူနည်းပြ မော်ရင်ညိုသည် သတင်းထောက်တစ်ဦးက ၎င်းကို အကြီးကျယ်ဆုံးသောနည်းပြတစ်ယောက်အဖြစ် မှတ်ယူခြင်းရှိသေးပါသလားဟု မေးခွန်းမေးမြန်းသည်ကို လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နှင့် ၎င်းအကြား ခြားနားချက်များ မည်သို့ရှိကြောင်း ထုတ်ဖော်ပြောကြား၍ ဖြေကြားပေးသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် မန်ယူနှင့်အတူ ဆုဖလားတစ်လုံးမျှ မရယူနိုင်ခဲ့သည့်တိုင် အကြီးကျယ်ဆုံးသော နည်းပြအဖြစ် ဆက်ရှိနေဦးမည်သာဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး ယခုကဲ့သို့သော မေးခွန်းမျိုးကို ၎င်းအား မေးမည့်အစား ယမန်နှစ်ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်တွင် အဆင့်သုံး၊ အဆင့်လေး စသည့်နေရာများ၌ ရပ်တည်ကာ ရာသီသိမ်းခဲ့ရသော နည်းပြများကို သွားရောက်တွေ့ဆုံမေးမြန်းသင့်သည်ဟု သတင်းထောက်ဖြစ်သူကိုလည်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်။

သတင်းထောက်ဖြစ်သူ၏မေးခွန်းကို မော်ရင်ညိုက “ဒီလိုမေးခွန်းမျိုးကို မနှစ်တုန်းက အဆင့်သုံးနဲ့ အဆင့်လေးနေရာတွေမှာ ရပ်တည်ပြီး ရာသီသိမ်းခဲ့ရတဲ့ နည်းပြတွေကို သွားမေးသင့်တယ်ဗျ။ တစ်ခုပြောမယ်ဗျာ။ တစ်ချို့နည်းပြတွေဆို ကိုယ့်လိဂ်တစ်ခုလောက်မှာပဲ လူတွင်ကျယ်လုပ်နိုင်ခဲ့တာဗျ(ဂျာဂင်ကလော့ပ်ကို ဂျာမနီတွင်သာ အောင်မြင်မှုရယူနိုင်ခဲ့ဖူးသည်ဟု ရည်ညွှန်းခြင်းဖြစ်သည်)။ တခြားနိုင်ငံတကာလိဂ်တွေမှာ သူတို့က ဘာတစ်ခုမှ ဟုတ်တိပတ်တိ လုပ်မပြနိုင်သေးပါဘူး။ ကျုပ်တာဝန်ယူခဲ့တဲ့အသင်းတွေရဲ့ကစားပုံကို ဘယ်သူတွေကပဲအပြစ်တင်တင် အဲ့ဒီအသင်းတွေ ကျုပ်လက်ထဲမှာ အောင်မြင်မှုရခဲ့တယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး”ဟု ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုသည် ပေါ်တူဂီ၊ အင်္ဂလန်၊ အီတလီနှင့် စပိန်လိဂ်များတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်ပြီး အသင်းဂိုးရရှိချိန်နှင့် နိုင်ပွဲရရှိချိန်များတွင် ရူးရူးမူးမူးအောင်ပွဲခံတတ်လေ့ရှိသော ဂျာဂင်ကလော့ပ်၏အမူအကျင့်ကိုလည်း မော်ရင်ညိုက ဝေဖန်ထိုးနှက်သွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “တစ်ချို့နည်းပြတွေဗျာ။ အသင်းဂိုးရပြီ ဒါမှမဟုတ် နိုင်ပွဲရပြီဆိုရင် ကွင်းနံဘေးမှာ ခုန်ပေါက်နေမယ်။ ပရိသတ်လူအုပ်ကြီးဆီ ပြေးဝင်မယ်။ ကင်မရာရှေ့မှာ မျက်နာကြီးကို ပြူးတူးပြဲတဲတွေလုပ်ပြပြီး အောင်ပွဲခံမယ်။ ကျွန်တော်ကတော့ ရှင်းပါတယ်။ ကျွန်တော့်အသင်း အနိုင်ရပြီဆိုရင် ကွင်းထဲကနေပြီး အ၀တ်လဲခန်းရှိရာဆီကို ပထမဆုံးထွက်သွားချင်သူဟာ ကျွန်တော်ပါပဲ။ အသင်းရှုံးရင်တော့ ကျွန်တော် ကွင်းထဲမှာ အချိန်တစ်ခုကြာ ဆက်ရှိပေးချင်ပါတယ်။ ကစားသမားတွေကို နှစ်သိမ့်ဖို့နဲ့ ပရိသတ်တွေရဲ့ခံစားချက်ကို စာနာပေးဖို့က ကျွန်တော့်မှာ တာဝန်ရှိသလို ခံစားရလို့ပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US