News

POST TAGGED AS

JAN VERTONGHEN

ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်မည်ကို ကွမ်ပနီ စိုးရိမ်ရ၊ ဗာတွန်ဂန်၏လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှု ပွဲ ၁၀၀ ပြည့်

ဘရပ်ဆဲလ်၊ ဇွန် ၃

ဘယ်လ်ဂျီယံနောက်ခံလူ ကွမ်ပနီသည် ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲတွင် ညို့သကျည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့် လွဲချော်ရမည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ကွမ်ပနီကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ထားခဲ့ရမည်ဆိုပါက အသင်းခံစစ်၌ အားနည်းချက်များရှိသွားမည်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်က စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail  က ဖော်ပြထားသည်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဆေးအဖွဲ့သည် လက်ရှိတွင် ကွမ်ပနီ၏ဒဏ်ရာကို စစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကြောင်း အဖြေထွက်ပေါ်လာခဲ့မည်ဆိုပါက နည်းပြ မာတီနက်ဇ်မှာ စိတ်မကောင်းစွာဖြင့် ကွမ်ပနီကို ချန်လှပ်ထားခဲ့၍ ယင်းအစား အခြားသောနောက်ခံကစားသမားတစ်ဦးကို ရွေးချယ်ခေါ်ယူသွားရတော့မည်ဖြစ်သည်။

ကွမ်ပနီသည် ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းခြေစမ်းပွဲစဉ်တွင် ပွဲကစားချိန် ဒုတိယပိုင်း ၅၅ မိနစ်၌ ပေါ်တူဂီတိုက်စစ်မှူး ဂျယ်လ်ဆန်မာတင်းစ်နှင့် ဘောလုံးယှဉ်လုရာတွင် ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေအရ ကွမ်ပနီမှာ ပြိုင်ပွဲဆက်လက်ကစားနိုင်ရန် မည်သို့မျှ အဆင်မပြေတော့သည့်အတွက် ၎င်းကို ဘိုယာတာနှင့် လူစားလဲလှယ်ရန် နည်းပြ မာတီနက်ဇ်က ဆုံးဖြတ်ချက် ချမှတ်လိုက်ရသည်။

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်သည် ဘယ်လ်ဂျီယံနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းခြေစမ်းပွဲတွင် တိုက်စစ်မှူး စီရော်နယ်ဒိုကို အသင်းလူစာရင်း၌ မထည့်သွင်းဘဲ အနားပေးထားခဲ့ပြီး ယင်းသို့ စီရော်နယ်ဒိုကို အနားပေးထားခဲ့သည်မှာ ၎င်း၏ကစားသမားဖြစ်သူထံတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့ရသည့်အတွက် ပွဲပန်းမှုဒဏ်များရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဖာနန်ဒိုဆန်းတို့စ်က ရှင်းပြသွားခဲ့သည်။

ဘယ်လ်ဂျီယံလက်ရွေးစင်နောက်ခံကစားသမား ဗာတွန်ဂန်သည် ပေါ်တူဂီနှင့် ဂိုးမရှိသရေကျခဲ့သော ခြေစမ်းပွဲတွင် ၎င်း၏နိုင်ငံတကာကစားသမားဘ၀ဖြတ်သန်းမှု ပွဲ ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ကာ ယင်းအတွက် ပွဲ ၁၀၀ ပြည့် ဂုဏ်ပြုဦးထုပ်ကို ဗာတွန်ဂန်အား အထူးအစီအစဉ်တစ်ရပ်ဖြင့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ပေးအပ်သွားခဲ့သည်။

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့သည် ဗာတွန်ဂန်အတွက် လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှု ပွဲ ၁၀၀ ပြည့်ဂုဏ်ပြုဦးထုပ်ကို ဗာတွန်ဂန်၏မိခင်အား သားဖြစ်သူကို ကိုယ်တိုင်ကိုယ်ကျ ဆောင်းပေးနိုင်စေရန် စီစဉ်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဘောလုံးကွင်းအတွင်းသို့ ၀င်ရောက်လာချိန်တွင် ၎င်းမှာ လွန်စွာ အံ့သြသင့်သွားခဲ့ရကြောင်း ဗာတွန်ဂန်က ဖွင့်ဟ၀န်ခံသွားခဲ့သည်။




FOLLOW US