News

POST TAGGED AS

JAN VERTONGHEN

22-May-2018

Soccer World Cup Belgium Nainggolan
လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်း၍ အနားယူရန် ဆုံးဖြတ်ချက်ကို နိုင်ဂိုလန် ချမှတ်

ဘရပ်ဆဲလ်၊ မေ ၂၂

ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန် အခွင့်အရေးကို လက်လွှတ်လိုက်ရအပြီးတွင် လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်း၍ အနားယူရန် ဆုံးဖြတ်ချက်ကို ချမှတ်ပစ်လိုက်ကြောင်း The Mirror က ဖော်ပြထားသည်။

အသက် ၃၀ အရွယ်ရှိ နိုင်ဂိုလန်သည် လက်ရှိဘောလုံးရာသီတွင် ရိုးမားအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းကို လက်ရွေးစင်အသင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ခဲ့ခြင်းအတွက် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်မှာလည်း ဝေဖန်မှုများဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။

နည်းပြ မာတီနက်ဇ်သည် ၎င်းအနေနှင့် နိုင်ဂိုလန်ကို လက်ရွေးစင်အသင်းပဏာမလူစာရင်းတွင် ထည့်သွင်းမရွေးချယ်ဘဲ ထားခဲ့သည်မှာ နည်းစနစ်အရ အံမ၀င်နိုင်၍ ဖြစ်သည်ဟု ဖြေရှင်းချက်ပေးအပ်သွားခဲ့ပြီး လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့် မရခဲ့ခြင်းအတွက် စိတ်နှလုံးကွဲကြေခံစားခဲ့ရပါကြောင်း နိုင်ဂိုလန်က ပြောကြားသွားခဲ့သည်။

ဘယ်လ်ဂျီယံသည် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ပေါ်တူဂီ၊ အီဂျစ်၊ ကော်စတာရီကာတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပေါ်တူဂီနှင့်ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအပြီးတွင် ပြိုင်ပွဲဝင်မည့် အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ပေးသွားမည်ဟု နည်းပြ မာတီနက်ဇ်က အသိပေးထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့ရခြင်းနှင့်စပ်လျဉ်း၍ နိုင်ဂိုလန်က “စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို စောစီးစွာ အဆုံးသတ်လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ရပါပြီ။ ဘယ်လ်ဂျီယံအသင်းကို ကိုယ်စားပြုခွင့်ရခဲ့ချိန်တိုင်းမှာ ကျွန်တော့်ဘက်က အကောင်းဆုံးပေးဆပ်ပြီး ကစားခဲ့တာချည်းပါပဲ။ ဒီနေ့ကစပြီး လက်ရွေးစင်အသင်းကို အားပေးတဲ့ ပရိသတ်တစ်ယောက်အဖြစ်ပဲ ကျွန်တော် ရပ်တည်သွားတော့မှာပါ”ဟု ၎င်း၏အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးသွားခဲ့သည်။




FOLLOW US