News

POST TAGGED AS

ITALIAN OPEN

21-May-2018

Tennis Svitolina Italian Open Rafael Nadal
အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရာဖေးလ်နာဒယ်လ်နှင့် ဆဗီတိုလီဗာတို့ ဗိုလ်စွဲ

ရောမ၊ မေ ၂၁

အီတလီနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲ၏အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ်နှင့် ယူကရိန်းတင်းနစ်မယ် ဆဗီတိုလီနာတို့က အသီးသီး အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

နာဒယ်လ်သည် အီတလီအိုးပင်း အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ ဂျာမနီတင်းနစ်ကစားသမား ဇဗီရက်ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ကာ ယင်းပွဲစဉ်တွင် အဆုံးအဖြတ်ပွဲလတ်တိုင်သည်အထိ အကြိတ်အနယ် အားပြိုင်ကာ အဆုံးသတ်တွင် အနိုင်ရလဒ်ကို နာဒယ်လ်က အရယူသွားခဲ့ခြင်းဖြစ်သည်။

နာဒယ်လ်သည် ဇဗီရက်ဗ်ကို ပထမပွဲလတ်တွင် ၆-၁ ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲလတ်တွင် ၁-၆ ဖြင့် ပြန်လည်အရေးနိမ့်ခဲ့ကာ အဆုံးအဖြတ်ပွဲလတ်တွင် ၆-၃ ဖြင့် ပြန်လည် အနိုင်ရယူနိုင်ခဲ့သည့်အတွက် ချန်ပီယံဆုဖလားကို နာဒယ်လ်ကို ကိုင်မြှောက်ခွင့်ရသွားခဲ့ခြင်းဖြစ်သည်။

နာဒယ်လ်သည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရှစ်ကြိမ်မြောက် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့်ရလိုက်ခြင်းနှင့်အတူ ကမ္ဘာ့အဆင့်တစ်နေရာကိုလည်း နာဒယ်လ်က ပြန်လည်ရယူသွားနိုင်ခဲ့သည်။

ယူကရိန်းတင်းနစ်မယ် ဆဗီတိုလီနာသည် အီတလီအိုးပင်း အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိကမ္ဘာ့အဆင့်တစ်တင်းနစ်မယ် ရိုမေးနီးယားနိုင်ငံသူ ဆီမိုနာဟာလက်ပ်ကို အနိုင်ယူ၍ ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ဟာလက်ပ်မှာ ဆဗီတိုလီနာကို ၆-၀၊ ၆-၄ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အရေးနိမ့်သွားခဲ့ခြင်းဖြစ်သည်။

ဆဗီတိုလီနာသည် အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ၂ နှစ်ဆက် ချန်ပီယံဖြစ်ခွင့်ရလိုက်ခြင်းဖြစ်ပြီး ယမန်နှစ်ဗိုလ်လုပွဲ၌လည်း ဆဗီတိုလီနာမှာ ဟာလက်ပ်ကို အနိုင်ယူ၍ ချန်ပီယံဖြစ်ခွင့်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။




FOLLOW US