News

30-Aug-2018

Liverpool Soccer Premier League Mane
သင့်တော်သည့်အသင်းမဟုတ်၍ မန်ယူကို ငြင်းဆန်ခဲ့ခြင်းဟု မာနေး ရှင်းပြ

လီဗာပူး၊ သြဂုတ် ၃၀

လီဗာပူးတိုက်စစ်တောင်ပံကစားသမား မာနေးသည် ၎င်းအနေနှင့် ဆောက်သမ်တန်ထံတွင် ကစားသမားဘ၀ဖြတ်သန်းနေခဲ့စဉ်ကာလအတွင်း မန်ယူ၏ကမ်းလှမ်းမှုများကို ရရှိခဲ့သော်လည်း ငြင်းဆန်ပယ်ချပစ်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

နည်းပြ ဗန်ဟားလ်သည် မန်ယူကို ဦးဆောင်ခွင့်ရခဲ့စဉ်ကာလအတွင်း မာနေးကို ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့ကာ မန်ယူနှင့် ဆောက်သမ်တန်အကြားတွင် မာနေးအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများရှိခဲ့သော်လည်း ကာယကံရှင် ကစားသမားဖြစ်သူက မန်ယူမှာ ၎င်းအတွက် သင့်တော်သည့်အသင်းမဟုတ်ဟု ယူဆကာ ငြင်းဆန်လိုက်ခြင်းကြောင့် အပြောင်းအရွှေ့မှာ အထမမြောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မာနေးသည် လီဗာပူးထံသို့ ပြောင်းရွှေ့ခဲ့အပြီးတွင် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး နည်းပြ ဂျာဂင်ကလော့ပ်၏လက်အောက်တွင် ကစားရခြင်းမှာ ၎င်းအနေနှင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည်ဟူသော ခံစားချက်ကို ရရှိစေကြောင်းလည်း မာနေးက ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မာနေးက “နည်းပြ ဗန်ဟားလ်ဟာ မန်ယူကို ဦးဆောင်နေခဲ့စဉ်က ကျွန်တော့်ကို ခေါ်ယူဖို့အတွက် ဆက်သွယ်ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဆောက်သမ်တန်က အဲ့ဒီကမ်းလှမ်းမှုတွေကို လက်ခံလိုတဲ့ အရိပ်အယောင်ရှိခဲ့ပေမယ့် ကျွန်တော်ကတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူအသင်းနဲ့ မန်ယူအသင်းကို ဦးဆောင်နေတဲ့နည်းပြဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆခဲ့လို့ပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US