News

08-Mar-2017

IT
အခိုးခံရသည့် ဖုန်းများကို ၁၀ စက္ကန့်အတွင်း ပေါက်ကွဲရန် တီထွင်
ဝါရှင်တန်၊ မတ် ၇

ဖုန်းများ အခိုးခံရလျှင် ဖုန်းထဲတွင် ထည့်ထားသည့် ဘက်ထရီစနစ်အရ ၁၀ စက္ကန့်အတွင်း ပေါက်ကွဲစေရန် တီထွင်နိုင်ခဲ့ကြောင်း၊ အခြား ကွန်ပျူတာနှင့် ဆက်စပ်နေသည့် ပစ္စည်းများကိုလည်း လုံခြုံရေးအရ သတ်မှတ်ထားသည့် အချိန်အတွင်း ပေါက်ကွဲ ပျက်စီးစေရန် လုပ်ဆောင်နိုင်ကြောင်း IEEE Spectrum သတင်းတွင် ဖော်ပြထားသည်။ 

အလိုအလျောက် ပျက်စီးစေသည့်စနစ်ကို ဆော်ဒီအာရေး ဘီးယားနိုင်ငံ ဘုရင့် အဘ်ဒူလာ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် (KAUST) မှ တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ပေါက်ကွဲစေနိုင်သည့် ပိုလီမာ အလွှာတစ်ထပ်ကို ဆီလီကွန် ချစ်ပ်များကြားတွင် ညှပ်ထည့်ပေးထားခြင်းဖြင့် အချိန်ကိုက် ဖျက်ဆီးနိုင်စေရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း တီထွင်သူ အီလက်ထရစ်ကယ် အင်ဂျင်နီယာ မိုဟာမက်မွတ်စတာဖာဟူစိန်က ပြောကြားသည်။ 

ဘက်ထရီအတွင်း ထည့်သွင်းထားသည့် ပစ္စည်းလေးကို အခိုးခံလိုက်ရလျှင် ၁၇၆ ဒီဂရီ ဖာရင်ဟိုက်အထိ အပူချိန်ကို မြင့်တက်သွားစေရန် စီစဉ်လိုက်ခြင်းဖြင့် ပေါက်ကွဲပြီး ပျက်စီးသွားစေရန် ပြုလုပ်နိုင်မည်ဟု ယင်းကဆိုသည်။

အပူပေး လျှပ်စစ်ငုတ်များက ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အတွင်း ၅၀ဝ မှ ၆၀ဝ မီလီဝပ်အထိ စုဆောင်းပေးကာ အသင့် စီစဉ်ထားသည့် ချစ်ပ်များကို လောင်ကျွမ်းသွားစေမည်ဖြစ်သည်။

ဖုန်းများအတွင်း ပေါက်ကွဲနိုင်စွမ်းသည် ၃၀ဝ မီလီဝပ်ဆိုလျှင်ပင် ပေါက်ကွဲနိုင်သည့် ပမာဏကို လုံလောက်ကြောင်း၊ တစ်မိနစ်အတွင်း ဖျက်ဆီးနိုင်ကြောင်း ဟူစိန်က ပြောကြားသည်။

ဘက်ထရီနှင့်အတူ ပူးတွဲ ထည့်ပေးလိုက်မည့် ဆီလီကွန် ချစ်ပ်လေးများသည် ၉၀ မိုက်ခရိုမီတာခန့်သာ ထူပြီး၊ ယင်းထဲတွင် ပါမည့် GPS ဆင်ဆာက ပေ ၁၆၄ ပေ အကွာအဝေးအထိ ခြေရာခံလိုက်ပြီး ဖောက်ခွဲ ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။ 

အထူး အစီအစဉ်အနေနှင့် ဖောက်ခွဲ ဖျက်ဆီးနိုင်မည့်စနစ် တစ်ခုလျှင် ၁၅ ဒေါ်လာခန့်ဖြင့်သာ ရောင်းချနိုင်မည်ဟုထင်ကြောင်း၊ ထောက်လှမ်းရေးဌာန၊ ကုမ္ပဏီ၊ ဘဏ်၊ လုံခြုံရေးဌာနစသည့် အရေးကြီးသော ဌာနများတွင် အလိုအလျောက် ဖျက်ဆီးနိုင်သည့် စနစ်အများကို အသုံးပြုလာလိမ့်မည်ဟု ယူဆကြောင်း ဟူစိန်က ပြောကြားသည်။ 



FOLLOW US