News

07-Nov-2016

ကျောင်းသား ဆရာ
ပညာရေး စိတ်ပညာ ပါမောက္ခ ဒေါက်တာနုနုဝင်းနှင့် တွေ့ဆုံခြင်း အပိုင်း (၂)

Voice : ကျောင်းမှာ၊ စာသင်ခန်းထဲမှာ တခြားကလေးတွေ အတွက်လည်း အနှောင့်အယှက် ဖြစ်တယ်။ သူကိုယ်တိုင်ကလည်း တော်တော်ဆိုးသွမ်းတယ်။ အဲဒီလို ကလေးတွေကျတော့ ဘယ်လို ကိုင်တွယ်ထိန်းသိမ်း ရမှာပါလဲ။ 

Dr.NNW : တော်တော်ဆိုးတဲ့ ကလေးတွေကို ကျွန်မတို့က ဘယ်လို့ခေါ်လဲဆိုတော့ ‘ပြဿနာ ကျောင်းသားများ’ (Problem Children) ပေါ့။ Problem Children ကို မြန်မာလို ပညာရေး စိတ်ပညာဌာန ပြန်ဆိုချက်မှာ ‘အများက သတ်မှတ်ထားသော တပည့်ဆိုး ကလေးများ’ လို့ ခေါ်ပါတယ်။ အများအမြင်မှာ တပည့်ဆိုး ကလေးတွေပဲ။ သို့သော်လည်း ကျွန်မတို့က ဘာသိလဲဆိုတော့ ဒီကလေးတွေ ဆိုးနေတဲ့ အကြောင်းအရင်း ရှိတယ်။ သူ့ရဲ့အပြုအမူတိုင်း၊ အပြုအမူတိုင်းမှာ အကြောင်းအရင်း ရှိတယ်။ အဲဒီအကြောင်းအရင်းတွေကလည်း များလိမ့်မယ်။ ဒီကလေးဟာ ဘာကြောင့် အဲဒီလိုဆိုးတဲ့ ကလေး ဖြစ်လာသလဲ။ အဲဒီအကြောင်းအရင်းကို တွေ့အောင်ရှာပါတယ်။ အဲဒီအကြောင်းအရင်းကို ပြန်ပြီးတော့ ဖြေဖျောက်ပေးရတာပေါ့။ အဓိကအားဖြင့် ကျွန်မမြင်တာက မိဘတွေ သိပ်ပြီးဆင်းရဲတာ၊ ဆင်းရဲလွန်းတာကလည်း ကလေးတွေကို ပြဿနာ ဖြစ်စေပါတယ်။ ချမ်းသာလွန်းတာမှာလည်း ပြဿနာ ဖြစ်စေပါတယ်။ နောက် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ မိဘက အလုပ်များပြီးတော့ သား၊ သမီးကို ဂရုမစိုက်နိုင်တာ။ ဆင်းရဲတော့လည်း ဘဝမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ ကိုယ့်သား၊ သမီးကို ပြန်လှည့်မကြည့်နိုင်ဘူး။ ချမ်းသာတော့လည်း ချမ်းသာတဲ့နောက် လိုက်နေရတော့ ကလေးတွေကို ပြန်လှည့်မကြည့်နိုင်ဘူး။ ကလေးကို ပိုက်ဆံသာ တွင်တွင်ပေးထားမယ် လှည့်မကြည့်နိုင်ဘူး။ အဲဒါလည်း မဟုတ်သေးဘူးပဲလေ။ အဲဒီလို ကလေးတွေမှာလည်း ပြဿနာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိသားစု အဆင်မပြေတဲ့ ကလေးတွေ၊ မေတ္တာငတ်မွတ် ခေါင်းပါးတဲ့ ကလေးတွေ (ဥပမာ- မိထွေးနဲ့ နေရတယ်။ ပထွေးနဲ့ နေရတယ်။ ဒီကလေးဟာ မိဘဆီက မေတ္တာအပြည့်အဝ မရဘူးပေါ့။ မိထွေး၊ ပထွေးဆိုးရင် ပိုဆိုးတာပေါ့။ နှိပ်စက်ခံရတာတွေ ရှိသေးတယ်။) အဲဒီလိုတွေရှိတဲ့ အတွက်ကြောင့်မို့လို့ မေတ္တာငတ်မွတ်တဲ့ ကလေးတွေလည်း ပြဿနာ ဖြစ်ပါတယ်။ 

အဲဒီတော့ ဘယ်လိုကလေးမျိုးပဲဖြစ်ဖြစ် အဓိက ဆရာ၊ ဆရာမတွေ လုပ်ရမှာကတော့ မေတ္တာထားတာပဲ။ အကောင်းဆုံးကတော့ ဆရာ၊ ဆရာမလို့ ဖြစ်သွားရင် တပည့်တွေကို ကိုယ့်သား၊ သမီးကဲ့သို့ မေတ္တာထားနိုင်တာပဲ။ မေတ္တာထားနိုင်ရင် သူတို့ဆိုးနေရတဲ့ အကြောင်းအရင်းကို ရှာရမှာပေါ့။ ရှာပြီးတော့ အဲဒီအကြောင်းအရင်း ပြေပျောက်အောင် ကျွန်မတို့ လုပ်ပေးရမှာပဲ။ တစ်ခါတစ်ရံကျတော့လည်း သူတို့ရဲ့အိမ်က အကြောင်းအရင်းတွေကို ကျွန်မတို့က ဖျောက်ဖျက်ပေးဖို့ ခက်တာပေါ့။ ဥပမာ- မိထွေးနဲ့ ပြဿနာ တက်နေတယ်။ ပထွေးနဲ့ ပြဿနာ တက်နေတယ်။ ဒါပေမဲ့ ကိုယ်က ကလေးမိဘနေရာမှာ ဝင်ပြီးတော့ ကလေးကို ကိုယ့်သား၊ သမီးကဲ့သို့ မေတ္တာထားပေးရင် အဲဒါအများကြီး ကုသိုလ်ရတာပါပဲ။ လူတိုင်းမှာ သူ့အရည်အချင်း ရှိတယ်။ အဲဒီအရည်အချင်းကို နားလည်သဘောပေါက်လို့ ရှိရင် အဲဒီအရည်အချင်း ပေါ်ပေါက်လာအောင် လုပ်ဖို့ပဲ။ ဆိုးတယ်လို့ ပြောတာလည်း ကျွန်မတို့ အမြင်မှာ အပေါ်ယံပဲ။ တစ်ခုခု မကျေနပ်တာကို တမင်ဆိုးပြနေတဲ့ နားလည်ဖို့ပေါ့။ အဲဒါကို နားလည်ဖို့ကျတော့ ပညာရေး စိတ်ပညာ သင်မထားဘဲနဲ့ ဒီကလေးကို ဘယ်လိုနားလည်မလဲ။ ဒီကလေး ဆိုးတယ်ပဲ မြင်မှာပေါ့။ ဒါကြောင့် ကျွန်မတို့ နာမည်သုံးတာတောင် ‘အများက သတ်မှတ်ထားသော တပည့်ဆိုး ကလေးများ’ လို့ သုံးတယ်လေ။ 

အဲဒီတော့ Teacher Training ရှိတဲ့သူက ဒီကလေးတစ်ယောက်ကို မြင်လိုက်တာနဲ့ ‘ဘယ်ကောင်ဘာလဲ’ ဆိုတာ တန်းသိပြီ။ မျက်လုံးကြည့်လိုက်ရင် သိတယ်။ မျက်နှာကြည့်လိုက်ရင် သိတယ်။ ဒီကောင်က အားငယ်နေတာလား။ အားငယ်လို့ အပေါ်ယံ ဂျစ်နေတာလား။ ဒီကောင်က အိမ်က အလိုလိုက်လွန်းလို့ ဆိုးနေတာလား။ ပေါ်တာပေါ့။ ကြည့်လိုက်တာနဲ့ သိတယ်။ အဲဒီတော့ အဲဒီ Training မရှိတဲ့သူက အဲဒါ မသိဘူး။ မသိပေမယ့်လည်း မသိတဲ့ ဆရာ၊ ဆရာမတွေ အများကြီးပဲ ပညာရေး လောကထဲ ရောက်နေကြတာပေါ့။ မသိသော်လည်း ဒီကလေးအပေါ် မိဘလို သဘောထားပြီး စေတနာ၊ မေတ္တာထားပြီး ငါတော့ ရအောင် ပြုပြင်ယူမယ်ဆိုတဲ့ ပုံစံနဲ့ ပြုပြင်ယူရင် ကောင်းတာပေါ့။ ဒါပေမဲ့ ပြုပြင်တဲ့နေရာမှာလည်း ကျွန်မတို့ ပညာရေးမှာ ကူညီလမ်းညွှန်ခြင်းလို့ ခေါ်တယ်။ ကူညီလမ်းညွှန်ခြင်းမှာ အတိုင်းအတာ ရှိတယ်။ ဒီကလေးကို ဘယ်လောက်ထိ လိုက်လျောရမလဲ။ ဘယ်အချိန်ကျရင် ပြန်တင်းရမလဲ။ ဘယ်အချိန်မှာ စကားပြောရမလဲ။ တစ်ခါတလေကျတော့ စကားပြောတာတောင် မဟုတ်ဘူး။ ကလေးပခုံးပေါ် လက်လေးတင်လိုက်တာ။ ဒီကလေး အတန်းထဲမှာ ဒါလုပ်လိုက်ရင် မျက်နှာခပ်တည်တည်နဲ့ လှမ်းကြည့်လိုက်တာ။ အဲဒီဟာတွေ အကုန်လုံးသည် ကလေးကို ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ အရေးကြီးတဲ့ ပညာရပ်ပဲ။ ကလေးကို အလိုလိုက်ရမယ် ချည်းပဲလည်း မဟုတ်ဘူး။ လျှော့သင့်တာ လျှော့ရမယ်။ တင်းသင့်တာ တင်းရမယ်။ ပြောသင့်တာ ပြောရမယ်။ မပြောသင့်တာ မပြောရဘူး။ အဲဒီပုံစံဟာ သင်ပေးလိုက်တဲ့ ပညာရပ်မှာ ပါသွားတာပေါ့။ အဲဒီ Training မရဘဲနဲ့ Teacher Training မရှိဘဲ ဝင်သွားကြရော။ တချို့ကလည်း ကျောင်းသားနဲ့ တင်းတင်းမာမာ ဆက်ဆံပြီး ပြဿနာ တက်ကြရော။ တချို့ကလည်း ကျောင်းသားက ကိုယ့်ကိုချစ်တယ်ဆိုရင် သဘောတွေကျနေပြီး လိုက်လျောရော့။ နောက် ကျောင်းသားက ဆယ်ကျော်သက်ဆိုတော့ စိတ်လှုပ်ရှားလို့ စာပေးလိုက်ရော။ စာပေးလိုက်တော့မှ ဆရာမကို စာပေးရမလား ဆိုပြီး ပြဿနာတက်ပြီ။ တက်တော့ ကျောင်းသားနဲ့ နင်ပဲငဆပြော။ ပြဿနာတွေတက်။ တချို့အညာက ရှိဖူးတယ်။ ကလေးက ကိုးတန်း၊ ဆယ်တန်းဆိုတော့ ကိုယ့်ဟာကိုယ် သတ်သေသွားရော။ ဒါကြောင့် ကျွန်မက Training မပါဘဲ မလွှတ်ပါနဲ့ဆိုတာ အဲဒါပြောတာ။ Training မပါဘဲ အတန်းထဲသွားတာ ကျွန်မကတော့ သဘောကိုမကျဘူး။ ဒါကြောင့်လည်း အပြင်မှာ ကျူရှင်တွေနဲ့ ကျောင်းတချို့မှာ ရိုက်တာ၊ နှက်တာတွေနဲ့ မျိုးစုံ ပြဿနာဖြစ်။ ကလေးတွေလည်း စိတ်ထိခိုက်တာတွေ ဖြစ်တာပေါ့။

Voice : အခြေခံပညာ ဦးစီးဌာနက နေ့စားတွေ ခန့်ထားပြီး သင်တန်းတွေ ပေးပါတယ်။ ခန့်ထားပြီးမှ သင်တန်းပေးတဲ့ အပေါ်မှာရော ဘယ်လိုသဘောထား ရှိပါသလဲ။ 

Dr.NNW : အဲဒါကတော့ ကျွန်မ တောက်လျှောက်ကန့်ကွက်ခဲ့တာပါ။ အဲဒါတော့ ပြောရမယ်ဆိုရင် အခု KG+12 ဆိုပြီးတော့ ပညာရေးစနစ်က အသစ်လုပ်လိုက်တယ်။ ပညာရေးစနစ်သစ် ဖြစ်လာတဲ့ အခါကျတော့ ထုံးစံအတိုင်းပဲ ဆရာရော၊ စာသင်ခန်းရော အများကြီး လိုလာပါမယ်။ ဆရာအင်အားက မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး လိုလာမယ်။ အဲဒါကို JICA (Japan International Corporation Agency), UNICEF ရော၊ ကျွန်မတို့ ပညာရေးတက္ကသိုလ် ဆရာတွေရော ပါပါတယ်။ အခြေခံက လူတွေနဲ့ ပေါင်းပြီး စိန်ရတုခန်းမမှာ ဆွေးနွေးဖူးပါတယ်။ အဲဒီတုန်းက ကျွန်မ ဘာပြောခဲ့လဲဆိုတော့ ဆရာက လိုလာမယ်။ နှစ်ဆမက လိုလာမယ်။ ပညာရေးကောလိပ်တွေက ဘာလုပ်လို့ရလဲ ဆိုတော့ ပညာရေးကောလိပ်ရဲ့ထုံးစံက ဒီကလေးတွေက ခြောက်လကျောင်းမှာ သင်လိုက်တယ်။ နောက် ခြောက်လကျတော့ တကယ့်မူလတန်းကျောင်းတွေမှာ လက်တွေ့ဆင်းရတယ်။ လက်တွေ့သွားသင်ရတယ်။ အဲဒီတော့ ဒီကျောင်းမှာ ပညာရေးကောလိပ်တွေရဲ့ အဆောက်အအုံတွေက လွတ်နေတယ်။ အဲဒီအချိန်မှာ နောက်ခြောက်လမှာ နောက်တစ်တန်း ခေါ်လိုက်။ ဒုတိယအသုတ်ဟာ ခြောက်လကြာလို့ ကျောင်းတွေကို ဆင်းတဲ့အခါမှာ ပထမအသုတ်က ပြန်လာမယ်။ ဆိုတော့ တစ်နှစ်မှာ အဲလိုနှစ်သုတ် ခေါ်လိုက်နိုင်ရင် ပညာရေးကောလိပ်တွေမှာ အခုထက် မူလတန်းဆရာ နှစ်ဆရသွားမယ်။ အဲဒါကို ကျွန်မ ဖြစ်စေချင်ပါတယ်။ နှစ်ဆရသွားပြီးတဲ့ အခါကျတော့ ပညာရေး ကောလိပ်ကနေ ဒုတိယနှစ် အောင်သွားရော၊ အမှတ်ကောင်းတဲ့ ကလေးတွေက ပညာရေးတက္ကသိုလ်ကို တတိယနှစ်က စတက်ကြတယ်။ အဲလိုပဲ အမှတ်သိပ်မကောင်းတဲ့ ကလေးတွေက အလယ်တန်းပြတွေ အဖြစ်နဲ့ ဝင်သွားတယ်။ အဲဒီတော့ ပညာရေးတက္ကသိုလ်ကို ချက်ချင်းဝင်မခိုင်းလိုက်ဘဲနဲ့  နှစ်နှစ်လောက် လုပ်ငန်းခွင်မှာ ထားလိုက်ရင် JAT (Junior Assistant Teacher) လည်း ခုထက် နှစ်ဆ ပိုထွက်လာမယ်။ ၂ နှစ် ကြာတော့ ပြန်တက်ပေါ့။ သူတို့မလာတဲ့အတွက် ပညာရေးတက္ကသိုလ်မှာ နေရာပိုသွားမယ်။ အဲဒီကို တိုက်ရိုက်တက်တဲ့ သူတွေကို နောက်နှစ်ဆခေါ်လို့ ရတာပေါ့။ ဆိုတော့ မူလတန်းလည်း နှစ်ဆရမယ်။ အလယ်တန်းလည်း နှစ်ဆရမယ်။ အထက်တန်းလည်း နှစ်ဆရမယ်ဆိုရင် လာမယ့်ဆယ်နှစ်အတွင်း လိုချင်တဲ့ ဆရာအရေအတွက် ပြည့်မသွားဘူးလား။ အဲဒါမေးတုန်းက ကျွန်မ ဆွေးနွေးတာကို JICA အဖွဲ့က လက်ခံတယ်။ ဂျပန်က Professor က ရနိုင်ပါတယ်တဲ့။ UNICEF ကလည်း လက်ခံတယ်။ ဒါမျိုး ကျွန်မက ဖြစ်စေချင်တာ။ အဲဒီလို သင်တန်းပေးပြီးမှ ကလေးတွေဆီရောက်ရင် ကလေးတွေ အတွက်လည်း ကောင်းတယ်။ ဆရာတွေ အတွက်လည်း ကောင်းတာပေါ့။ ဘာမှမသိဘဲ စမ်းတဝါးဝါး သွားသင်ပြီးတော့ အခုလို ပရမ်းပတာတွေ ဖြစ်ပြီးတော့ ကလေးက မရိုသေတာ၊ ကလေးက ကိုယ့်ကြောင့် ဒုက္ခရောက်တာ၊ ကိုယ်က ကလေးကြောင့် ဒုက္ခရောက်တာ မျိုးစုံဖြစ်တာထက်စာရင် သင်တန်းပေးပြီးသွားတာ ပိုမကောင်းဘူးလား။ ဒါက ကျွန်မ အကြံပြုချက်ပါ။ အခြေခံပညာမှာ ဆရာတွေ နှစ်ဆလောက် တိုးရလာဖို့ဆိုရင် အဲဒီနည်းနဲ့ ဆောင်ရွက်လို့ ရပါတယ်။ 

Voice : ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်တွေကနေ သင်ပေးလိုက်တဲ့အထဲက Negative Reinforcement  မှာ သင်ပေးတဲ့ အကြောင်းအရာတွေက မြန်မာ့လူမှုအဖွဲ့အစည်းက ကလေးတွေအတွက် ခံနိုင်ရည်ရှိပါ့မလား ခင်ဗျ။

Dr.NNW : အဲဒါကတော့ ဆရာ၊ ဆရာမက တိုင်းတာရမှာပဲ။ ဖြစ်နိုင်ရင်တော့ ကလေးကို ပြင်းပြင်ထန်ထန် (ကိုယ်ကာယအားဖြင့်၊ စိတ်အားဖြင့်) စိတ်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားဖို့ မကောင်းဘူး။ ကိုယ်ကာယလည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားဖို့ မကောင်းဘူး။ ကိုယ်ကာယ ပြင်းပြင်းထန်ထန် ထိခိုက်ရင်တော့ ကလေးအတွက် ချက်ချင်းမကောင်းဘူး။ အနာရောဂါ ပေါ်ပြီးတော့ ချက်ချင်းကို ဆေးရုံသွားတာတွေ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီထက်ပိုပြီး ကလေးက ကျန်းမာရေး ထိခိုက်သွားတာတွေလည်း ဖြစ်မှာပေါ့။ ဒါလည်း ပြင်းထန်ဖို့ မကောင်းဘူး။ အဲဒီလိုပဲ စိတ်ပိုင်းဆိုင်ရာက ပိုဆိုးတယ်။ စိတ်ကို အညွန့်ချိုးပစ်လိုက်တာ။ အတန်းထဲမှာ အရှက်ခွဲပစ်လိုက်တာ။ အဲဒါတွေ မလုပ်ရဘူးဆိုတာ ပါတယ်။ သတိထားရတယ်။ အဲဒါတွေကို သိထားပြီး သတိမထားမိဘဲ နာသွားအောင် ပြောလိုက်တာပေါ့။ ပြောလိုက်တော့ ကျောင်းသားက စိတ်ဓာတ် အညွန့်ကျိုးသွားတယ်။ “ငါတော့ မဖြစ်တော့ပါဘူး။ ငါတော့ ညံ့နေပါပြီ။ ဖျင်းနေပါပြီ။ ဒီစာမရနိုင်တော့ပါဘူး” ဆိုပြီး ဖြစ်သွားတော့ ကလေးရဲ့စိတ်ကို တစ်သက်လုံး အညွန့်ကျိုးသွားအောင် လုပ်လိုက်တာပါပဲ။ အဲဒီတော့ အဲဒါလည်း မလုပ်သင့်ပါဘူး။ 

အဲဒီတော့ Positive Reinforcement ရှိတယ်။ Negative Reinforcement လည်း ရှိတယ်။ Reinforcement ကတော့ လုပ်ရမှာပဲ။ ဖြစ်နိုင်ရင် Positive နဲ့လုပ်ရင် ပိုကောင်းတာပေါ့။ ဒဏ်ပေးတာထက်စာရင် ဆုပေးတာဆိုရင် ဆုလိုချင်တာနဲ့ ကလေးက နောက်တော့ တဖြည်းဖြည်းနဲ့ ပိုစာကျက်ရမှ ဖြစ်တော့မယ်လေ။ စာကျက်တဲ့ဟာ အလေ့အထ ဖြစ်သွားပြီပေါ့။ အဲဒီလို Positive နဲ့ လုပ်နိုင်ရင် ပိုကောင်းတယ်။ Negative ကတော့ မလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ သို့သော် တစ်ခါတစ်ရံ ကျတော့လည်း တချို့သူတွေက Negative လိုတယ်။ လုပ်ပေးရတယ်။ အဲဒီလို လိုတဲ့အချိန်မှာတော့ ကိုယ် ကထိန်းထိန်းစစနဲ့ လုပ်ဖို့ လိုတာပေါ့။ 

Voice : အခုပြောတာတွေထဲမှာ မိဘတွေရဲ့ အခန်းကဏ္ဍက ပျောက်နေပါသေးတယ်။ မိဘတွေ အနေနဲ့ရော ဘယ်လို ပူးပေါင်းပါဝင်ရမလဲ ခင်ဗျ။ 

Dr.NNW : ကျွန်မ ထင်တာကတော့ မိဘတွေရဲ့ အခန်းကဏ္ဍက ပျောက်နေတာ မဟုတ်ဘူး။ အလွန် (Over) ဖြစ်နေတာ။ ကျောင်းသင်ပညာရေးမှာ မိဘတွေက စိတ်ဝင်စားတာ ကောင်းပါတယ်။ မိဘတွေက တစ်ခါတလေကျတော့ ဆရာတွေရဲ့လုပ်ငန်းကို တချို့ဝင်ရောက် စွက်ဖက်လွန်းအားကြီးတယ်လို့ ကျွန်မ ထင်တယ်။ အခု ကျွန်မလုပ်နေတဲ့ သုတေသနတစ်ခု ရှိတယ်။ မကြာခင် ကျွန်မ ထုတ်မှာပါ။ အားလုံးကို အသိပေးမှာပါ။ ဆရာ၊ ဆရာမတွေ စိတ်အနှောင့်အယှက် ဖြစ်တဲ့အထဲ ဘာပါလဲဆိုတော့ သား၊ သမီးတွေက ဒီလောက်အတော်ကြီး မဟုတ်ဘဲနဲ့ (အသင့်အတင့်) သူတို့သား၊ သမီးကို အကုန်လုံး တစ်ရာရစေချင်တာ။ အမှတ်တွေကောင်းပြီး အမြဲတမ်း ပထမ ရစေချင်နေတဲ့ မိဘတွေကြောင့်လည်း သူတို့ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်လို့ ဆရာ၊ ဆရာမတွေက ဖြေကြတယ်။ အဲဒါလည်း အမှန်ပဲ။ သား၊ သမီးဟာ ကိုယ်ထင်တိုင်း တော်မလား။ တော်ချင်တော့ တော်မယ်လေ။ သို့သော် တော်တဲ့သူတိုင်းရော အမြဲတမ်း တစ်ရာရနေဖို့ဆိုတာ မလွယ်ဘူး။ အမြဲတမ်း ၉၉ မှတ် ရနေဖို့ ဆိုတာလည်း မလွယ်ဘူး။ အမှားအယွင်းဆိုတာ ရှိနိုင်တာပေါ့။ အဲဒီတော့ အဲဒါ မိဘတွေ ဘက်ကနေလည်း နည်းနည်းအလွန် (Over) ဖြစ်လွန်းတယ် ထင်တယ်။ ကိုယ့်သား၊ သမီးရဲ့ အခြေအနေကို မသိဘဲနဲ့ အတင်းအမှတ်တစ်ရာ လိုချင်တယ်။ အတင်း ပထမ လိုချင်တာ။ ဒါက ခုခေတ်မိဘတွေမှာ ရှိတယ်။ အထူးသဖြင့် မြို့ကျောင်းတွေမှာ ပိုရှိတယ်။ ဒါက မြို့ကျောင်းတွေက မိဘတွေရဲ့ အခန်းကဏ္ဍပေါ့။ 

အဲဒီတော့ နေရာတကာမှာ သူတို့က ဝင်ပါတယ်။ ကလေးရဲ့ စာမှာလည်း ဝင်ပါတယ်။ အရင်တုန်းက ကျွန်မတို့ဆီမှာ ရှိတယ်။ နောက်တော့ မိဘတွေ ကျောင်းထဲမဝင်ရဘူးလို့ကို ပြောရတယ်။ ဘာလို့လဲဆိုတော့ အတန်းဘေးမှာ ရပ်ပြီးတော့ ကလေးသင်သမျှ သူတို့က အပြင်ကနေ လိုက်ပြီးတော့ မှတ်တာ။ ကလေး မှတ်လာတာ မှားနေမှာစိုးလို့။ သူတို့ကပါ လိုက်မှတ်ပြီး စာသင်နေတာ။ အဲဒီတော့ အထဲမှာ အနှောင့်အယှက် ဖြစ်တယ်။ ပြီးတော့ ဟိုလိုရေးလိုက်ပါလား။ ဒီလိုရေးလိုက်ပါလား အပြင်ကနေ ပြောသေးတယ်။ အဲဒါတွေက ကလေးအတွက် မကောင်းဘူးပေါ့။ အဲဒီလိုပါတဲ့အတွက် နောက်ဆုံးကျတော့ မိဘတွေ ကျောင်းဝင်းထဲမဝင်ရ ဆိုပြီးတော့ လုပ်လိုက်ရရော။ ကျောင်းခန်းတွေထဲ မဝင်ရ ဆိုပြီးတော့ လုပ်လိုက်ရရော။ လုပ်လိုက်ရတော့ အဲဒါက တစ်မျိုးပေါ့။ အဲဒါကျတော့ ပါလွန်းအားကြီးတဲ့ မိဘပေါ့။ ဆရာ၊ ဆရာမတွေဆီကိုလည်း နည်းမျိုးစုံနဲ့ လာတယ်။ ကျူရှင်ဆိုတာလည်း စစချင်း မိဘက စတာပဲ။ ကိုယ့်သား၊ သမီးကို ကျောင်းမှာ သင်ရုံတင် မကတော့ဘူး။ အိမ်မှာလည်း သင်ပါဆိုတာမျိုးနဲ့ ခေါ်လာရင်း ကျူရှင်ဆိုတာ ပေါ်ပေါက်လာတာပဲ။ ပေါ်ပေါက်လာပြီး အခုကျတော့မျိုးစုံ Corruption ဖြစ်ကုန်တာပေါ့။ 

အဲဒီလို ပါသလိုပဲ မိဘရဲ့ အခန်းကဏ္ဍဟာ ဘာမှန်းကို မသိအောင် သနားစရာကောင်းတဲ့ မိဘတွေရှိတယ်။ သိပ်ဆင်းရဲပြီး တစ်နေ့လုပ်ပြီး တစ်နေ့စားဖို့ ရုန်းကန်နေကြရတဲ့ မိဘကျတော့ ကိုယ့်သား၊ သမီး ကျောင်းသွားပြီး ဘာစာကျက်လို့ ဘာလုပ်နေလဲ ဘာမှမသိဘူး။ ကျောင်းပြေးနေသလားလည်း မသိဘူး။ ကျောင်းမှန်မှန်တက်ရဲ့လား မသိဘူး။ အဲဒီတော့ ကလေးဘက်ကလည်း စဉ်းစားကြည့်လေ။ ဆိုပါတော့ အဖေက တံငါသည်။ ပင်ပင်ပန်းပန်းနဲ့ ငါးဖမ်းနေရတယ်။ သားက စာဖြောင့်ဖြောင့် သင်နိုင်ချင်မှ သင်နိုင်မယ်လေ။ “ငါ့အဖေကတော့ ဒီမိုးရေနဲ့ ဒီမုန်တိုင်းနဲ့တော့ ဒုက္ခပဲ။ ငါအဖေ့ကို သွားကူတာ ကောင်းသေးတယ်” ဆိုတာမျိုး ကလေးမှာလည်း ရှိမှာပေါ့။ ဆိုတော့ ဆင်းရဲလွန်းတဲ့ မိဘတွေအတွက်က ကျတော့လည်း  ကလေးတွေရဲ့စာကို ဂရုမစိုက်နိုင်ဘူး။ ကလေးတွေကလည်း အိမ်ပြန်သွားတာနဲ့ လွယ်အိတ်ချ ပြီးသွားတာနဲ့  ပြီးသွားပြီ။ စာကို ပြန်မလုပ်နိုင်တော့ဘူး။ အိမ်ကအလုပ် ဝိုင်းကူလုပ်ရတာပေါ့။ နောက်တစ်နေ့ ကျောင်းပြန်လာမှ ဒီစာက ဒီတိုင်းပါလာတာပဲ။ အဲဒီလို ဆင်းရဲတဲ့ မိဘတွေ ရှိသလို နေရာတကာ ဝင်ရောက်စွက်ဖက်လွန်းတဲ့ မိဘမျိုး ခုလိုပေါ့။ ကိုယ့်သမီး စာခိုးချလို့ ခုံပေါ်တက်မတ်တတ်ရပ်ခိုင်းတာကို ခရိုင်ပညာရေးမှူး တက်တိုင်တယ်။ အဲဒါမျိုး သည်းသည်းလှုပ်နေတဲ့ မိဘမျိုးတွေ ရှိတယ်။ ကိုယ့်သား၊ သမီးရဲ့ မူလအရည်အချင်း ဘယ်လောက်ရှိလဲ မသိဘဲနဲ့ အတင်းထိပ်ဆုံး ရောက်ချင်နေတာ ရှိတယ်။ မိဘတွေရဲ့ အနေအထားက အရင်တုန်းကလို ပုံမှန်အနေအထားမှာ မရှိဘူး...။ 

မိဘကတော့ မိဘနေရာလောက်ကနေပြီး အုပ်ထိန်းရင် ကောင်းမယ်။ ဆရာတွေရဲ့ ကျောင်းတွင်းကိစ္စတွေကို ဝင်မရှုပ်ရင် အကောင်းဆုံး။ ယုံကြည်စွာနဲ့ ဆရာတွေရဲ့ လက်ထဲ လွှဲအပ်ထားရင်ပေါ့။ ယုံကြည်စွာနဲ့ အပ်ထားရင် ဆိုတော့ တစ်ခါ ဆရာတွေရဲ့ အခန်းကဏ္ဍ ရောက်လာပြီ။ ယုံကြည်စွာနဲ့ လွှဲအပ်ထားလို့ရတဲ့ အနေအထား ဟုတ်ရဲ့လား။ အဲဒီယုံကြည်စွာနဲ့ လွှဲအပ်လို့ရတဲ့ ဆရာတွေ ဖြစ်အောင် ဆရာတွေက ကြိုးစားပြီးတော့ မိမိကိုယ်ကိုယ် ပြုစုပျိုးထောင်ရမှာပဲ။  

Voice : ကျွန်တော် တော်တော်စောစောက ကြားရတာ ကျောင်းသားလေးက တော်တယ်။ လိမ္မာတယ်။ ယဉ်ကျေးတယ်ပေါ့။ ဆရာမတစ်ဦးက နေပြီးတော့ ဘာကြောင့်လဲ မသိဘူးလို့ ပြောတယ်။ တမင်လုပ်တာလား၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာလားတော့ မသိဘူး ခင်ဗျ။ အဲဒီဆရာမက ကလေးကို ခြေကန့်လန့် ထိုးလိုက်တယ်။ ကလေးက လဲသွားတယ်။ မျက်နှာနဲ့ လက်မှာ ဒဏ်ရာရတယ် ပြောတယ်။ မိဘတွေကတော့ တကယ်ရည်ရွယ်ချက်ရှိရှိ မကျေနပ်လို့ လုပ်တာလား ဆိုတာတော့ မသိဘူး။ သို့သော် တိုင်တာ၊ တန်းတာ လုပ်ရင်လည်း ပြဿနာကတက်ကြမယ် ဆိုတော့ စဉ်းစားရ ခက်နေတဲ့ အနေအထားလို့ ကြားရပါတယ်။ အဲဒီလိုမျိုး ဆိုရင်ရော ခင်ဗျာ။ 

Dr.NNW : အဲဒီတော့ ဆရာမက ကလေးချော်လဲသွားအောင် ခြေကန့်လန့်လုပ်တယ်ဆိုရင် ဆရာမ အပြစ်ရှိတယ်။ သူက ဆရာမလေ။ ဆရာမ ဆိုတာ တပည့်ကို ဒီလိုမလုပ်ရဘူး။ ဆုံးမစရာရှိတယ် ဆိုရင် “ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က ဆုံးမတတ်သူ၊ ဆရာဟူ၏” တဲ့။ အပြစ်ရှိရင် စိတ်ထဲကျိတ်ပြီး မျိုသိပ်မထားရဘူး။ မှန်မှန်ကန်ကန်ပဲ ဖော်ပြပြီး ဆုံးမရမယ်။ အဲဒါမှ ဆရာ၊ ဆရာမ ပီသတာလေ။ ခုနတုန်းကလို သူက စိတ်ထဲမှာ ကျိတ်ပြီး အငြိုးထားပြီးတော့ ခြေထောက်ကန့်လန့်လိုက်တယ် ဆိုရင် ဒါက ဆရာမပီသသော ဆရာမပဲလေ။ ဆိုတော့ အဲဒီလို ကန့်လန့်ရိုးမှန်ရင် သူ့မှာ အပြစ်ရှိတယ်။ အဲဒီလို ဆရာမမျိုး ဆိုရင်တော့ တစ်ခုရှိတာ အဲဒီလို ခြေထောက်ကန့် လန့်လိုက်တာ သေချာတယ် ဆိုရင်တော့ တိုင်သင့်တာပေါ့။ ဒါပေမဲ့ အဲဒီလို သူက ခြေထိုးခံလိုက်တာပါလို့ရော သက်သေအထောက်အထားက ခိုင်လုံသလား။ တိုင်လိုက်ခါမှ ပိုပြဿနာတက်သွားမလား။ အခုကိစ္စ ကျွန်မ မြင်တာက တကယ်ခြေထိုးခံတာမှန်ရင် ဆရာမသည် ဆရာမ မပီသသော ဆရာမပဲ။ အဲဒီတော့ အဲလို ဆရာမ မပီသသော ဆရာမတွေ ဆိုရင်တော့ မရှိသင့်ဘူး။ အဲဒါကြောင့် ကျွန်မ အမြဲပြောတာပါ။ အစိုးရကျောင်းဖြစ်ဖြစ်၊ ကိုယ်ပိုင်ကျောင်းဖြစ်ဖြစ် အဓိကက ဆရာ၊ ဆရာမသည် မိမိတပည့်အပေါ်မှာ သား၊ သမီးကဲ့သို့မေတ္တာ၊ စေတနာထားဖို့ပဲ။ အဲဒီလို မေတ္တာ၊ စေတနာထားပြီး သင်ရင် အောင်မြင်ပါတယ်။ ကလေးတိုင်းတော့ ခြောက်ဘာသာ မထွက်ဘူးပေါ့ကွယ်။ ကလေးတိုင်းတော့ Top Ten မဝင်ဘူးပေါ့ကွယ်။ ဒါပေမဲ့ ကလေးတိုင်း Top Ten ဝင်စရာလည်း မလိုပါဘူး။ ကလေးတိုင်း ခြောက်ဘာသာ ထွက်စရာလည်း မလိုပါဘူး။ သူ့အရည်အချင်းနဲ့သူ ထွက်သွားမှာပဲလေ။ အဲဒီအရည်အချင်းတွေဟာ ရပ်တန့်မနေဘဲ တဖြည်းဖြည်း တိုးတက်နေအောင် လုပ်ဖို့ပါပဲ။ အဲဒါကတော့ ဆရာ၊ ဆရာမတွေ လုပ်ပေးရမှာပေါ့...။ ကလေးတွေကို သနားတာနဲ့ပဲ စာမေးပွဲ မေးခွန်းထုတ်ပြောစရာ မလိုဘူး။ စာမေးပွဲမှာ ကျရဲ့သားနဲ့ မချဘဲ အအောင်ပေးစရာ မလိုဘူး။ တိတိကျကျ ခိုင်ခိုင်မာမာ ထိန်းရမယ့် နေရာတွေမှာ ထိန်းရမယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ကလေးတွေကို ကြင်နာရမယ်။ 

Voice : နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိရင် ပြောပါ ခင်ဗျ။ 

Dr.NNW : ကျွန်မကတော့ အခုဟာက အပြစ်ဒဏ်ပေးခြင်း ကိစ္စအကြောင်းတွေ ပြောတာပေါ့။ အပြစ်ဒဏ်ပေးတယ်ဆိုတာက ကလေးတွေကို ကောင်းစေချင်လို့ ပေးရတာပဲ။ အပြစ်ဒဏ် မပေးဘဲနဲ့ အပြစ်ဒဏ်နဲ့ အတူတူ တစ်ဖက်က ပါလာတာက ဆုပေးခြင်းပေါ့။ ကျောင်းသားက ဒါဖြေတာမှန်တယ် ဆိုရင် ချီးမွမ်းလိုက်တာ။ သိပ်ညံ့တဲ့ ကျောင်းသားကိုတောင် ဖြေနိုင်အောင် လုပ်ပြီးတော့ မင်းဖြေတာ မှန်တယ်ဆိုရင် ကလေးက အားတက်သွားတာပေါ့။ ဆိုချင်တာ ဆုပေးခြင်း၊ ဒဏ်ပေးခြင်းဆိုတာ ပညာရေးမှာ သုံးရတဲ့ နည်းလမ်းတစ်သွယ် ဖြစ်ပါတယ်။ ဒါကိုသုံးရပါမယ်။ ဒါပေမဲ့ မှန်ကန်စွာ သုံးတတ်ဖို့ လိုပါမယ်။ ဆုပေးတယ်ဆိုလို့ ကလေးတွေကို နေရာတကာ လိုက်လျောနေရမှာ မဟုတ်ဘူး။ ကလေးတွေကို နေရာတကာမှာ တင်းကျပ်နေရမှာလည်း မဟုတ်ဘူး။ တင်းသင့်ရင် တင်း၊ လျှော့သင့်ရင်လျှော့ ကိုယ်က ထိန်းကွပ်တတ်ဖို့ လိုပါတယ်။ အဲဒီလို ထိန်းကွပ်တတ်ဖို့ လိုဖို့အတွက်ကတော့ ဆရာ၊ ဆရာမသည် ဒီတိုင်းအတန်းထဲကို ဝင်တဲ့ ဆရာ၊ ဆရာမ မဟုတ်ဘဲနဲ့  Teacher Training ကောင်းစွာရတဲ့ ဆရာ၊ ဆရာမ ဖြစ်သင့်ပါတယ်။ အထူးသဖြင့် အခြေခံပညာမှာ အင်မတန် နုနယ်တဲ့ ကလေးတွေရော၊ အင်မတန်မှ အရေးပါတဲ့ ကဏ္ဍတစ်ခုကို ရောက်နေတဲ့ ဆယ်ကျော်သက်လေးတွေ အတွက်ရော ဆရာ၊ ဆရာမရဲ့ ထိန်းကွပ်တတ်မှု အများကြီး အရေးပါပါတယ်။ ဒါကြောင့် သူတို့ကို ဆရာတတ်ပညာ ကောင်းစွာရပြီးမှ အတန်းထဲ ဝင်တာကို ကျွန်မကတော့ ပြည့်ပြည့်ဝဝ ထောက်ခံပါတယ်။ အဲဒီတော့ အခုပညာရေး လောကထဲ ရောက်ပြီး ဆရာအတတ်ပညာ (Teacher Training) မရသေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း အမြန်ဆုံး ရအောင်ပေးနိုင်ဖို့က ပညာရေးဌာနရဲ့ တာဝန်ဖြစ်ပါတယ်။ ကျန်တာကတော့ ဆရာ၊ ဆရာမတွေသည် မိမိတပည့်တွေကို မိမိသား၊ သမီးကဲ့သို့ မေတ္တာ၊ စေတနာထားပြီးတော့ တင်းသင့်တဲ့ နေရာတင်း၊ လျှော့သင့်တဲ့နေရာ လျှော့ပြီးတော့ ထိန်းကျောင်းပြုပြင်သွားနိုင်လို့ ရှိရင် ဒီကလေးတွေရဲ့ ဘဝလည်း တိုးတက်ဖွံ့ဖြိုးလာမယ်။ နိုင်ငံအတွက်လည်း အသုံးဝင်တဲ့ နိုင်ငံသားကောင်းတွေ ရရှိလာမှာ ဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

Voice : ဟုတ်ကဲ့။ အခုလို အချိန်ပေးပြီး ဖြေကြား၊ ဆွေးနွေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

နေဇာကျော်

ပညာရေး စိတ်ပညာ ပါမောက္ခ ဒေါက်တာနုနုဝင်းနှင့် တွေ့ဆုံခြင်း အပိုင်း (၁) >>




FOLLOW US