News

စီမံကိန်းများ နှောင့်နှေးမှုနှင့် ခြစားမှုဖြစ်စေသော တင်ဒါစနစ်ကို အဆုံးသတ်ပြီး Swiss Challange စနစ် ကျင့်သုံးမည်ဟု ဒူတာတေးပြောကြား

မနီလာ၊ ဇန်နဝါရီ၂၈

အစိုးရစီမံကိန်းများ ပြီးစီးရေးတွင် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေပြီး ခြစားမှု ပေါက်ဖွားစေသော တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်ကို အဆုံးသတ်လိုကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်ဟု Inquirer သတင်းစာက ဖော်ပြသည်။

“ဒါကြောင့် အခုကစလို့ ဖိလစ်ပိုင် စီမံကိန်း အားလုံးဟာ Swiss Challange ပုံစံမျိုး ဖြစ်သွားပါလိမ့်မယ်။ အဆောက်အအုံတစ်ခု ဆောက်ချင်တယ်၊ အမြန်လမ်း ဖောက်ချင်တယ်၊ ရထားလမ်း ဖောက်ချင်တယ်ဆိုရင် ခင်ဗျားတို့ (ကန်ထရိုက်တာတွေ) ကို ဘယ်နေရာမှာ လုပ်မယ်ဆိုတာပြမယ်။ အဲဒီမှာ အားလုံး လွတ်လွတ်လပ်လပ်ပြိုင်လို့ရမယ်”ဟု သမ္မတက ပြောကြားခဲ့သည်။

Swiss Challange စနစ်တွင် ခေါ်ယူခြင်းမဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းတစ်ခုက စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် အစိုးရဌာနတစ်ခုကို အဆိုပြုလွှာ တင်ပြလာသောအခါ အဆိုပါ အစိုးရဌာနက အခြားသူများကပါ အလားတူ သို့မဟုတ် ပိုကောင်းသော အဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ရသည်။ မူလစီမံကိန်း အဆိုပြုသူမှာ ပြိုင်ဘက် ပေါ်လာချိန်တွင် တန်ပြန် အဆိုပြုခွင့် သို့မဟုတ် ပိုကောင်းသော အဆိုပြုချက်မျိုး ထပ်မံ တင်ပြပိုင်ခွင့်ရှိသည်။

မူလ အဆိုပြုသူအနေနှင့် လုပ်ငန်းလုပ်ကိုင်ခွင့် မရသည့်တိုင် ၎င်း၏မူရင်း အဆိုပြုချက်၏ ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် အဆိုပြု ဒီဇိုင်းရေးဆွဲမှု ကုန်ကျစရိတ်များကို ပြန်လည် ထုတ်ယူခွင့်ပေးခြင်းမျိုးဖြင့် မူလတင်ပြသူ မနစ်နာအောင် စီစဉ်ပေးထားသလို ယှဉ်ပြိုင်မှုတွင်မူ မျှမျှတတဖြင့် ပိုကောင်းသည့် အဆိုပြုချက် တင်ပြနိုင်သူကိုသာ ရွေးနိုင်ရန်လည်း လမ်းဖွင့်ပေးထားသည်။

လက်ရှိ ဖိလစ်ပိုင် ဝယ်ယူစုဆောင်းရေးဆိုင်ရာ ဥပဒေများအရမူ အစိုးရကသာ ပြည်သူ့ဝန်ဆောင်မှုများ သို့မဟုတ် စီမံကိန်းများအတွက် တင်ဒါခေါ်ယူလေ့ရှိပြီး ဈေး အသက်သာဆုံးဖြင့် လုပ်ပေးရန် အဆိုပြုသူနှင့်သာ စာချုပ်ချုပ်လေ့ရှိသည်။

“ကျွန်တော် လူတိုင်းကို ပြောပြီးပါပြီ။ လွှတ်တော်ကိုလည်း ပြောပြီးပြီ၊ COA (စာရင်းစစ်ကော်မရှင်) ကိုလည်းပြောပြီးပြီ၊ တရားရုံးချုပ်လည်း ပြောထားတယ်၊ ဈေး အနည်းဆုံးနဲ့ လုပ်ပေးမယ်လို့ တင်ဒါတင်တဲ့သူကို ရွေးတဲ့မူဝါဒဟာ ကျွန်တော်တို့ကို ခြစားမှု ပြဿနာထဲကို ဆွဲသွင်းသွားတာပဲ။ ဒီတိုင်းပြည်ဟာ အဲဒါကြောင့်ပဲ ဘယ်တော့မှ အဆင်ပြေတယ်ကို မရှိတာ”ဟု ဒူတာတေးက သုံးသပ်သည်။

အစိုးရစီမံကိန်းကြီးများ တင်ဒါခေါ်ယူမှုတွင် မသမာမှု လုပ်နေပြီး အစိုးရတာဝန်ရှိသူများကို လာဘ်ပေးနေသည့် လုပ်ငန်းကြီးများ၏ လုပ်ဆောင်ချက်များကိုလည်း သမ္မတက ဝေဖန်ခဲ့သည်။ ရလဒ်အဖြစ် စံမမီသော အပြီးမသတ်သော စီမံကိန်းများသာ ထွက်လာသည်ဟုလည်း သုံးသပ်ခဲ့သည်။

မသမာသည့် ကန်ထရိုက်တာများကို ဒူတာတေးက ဂေါက်ရိုက်ရုံဖြင့်ပြေလည် နေသည့်အရူးများဟု သုံးနှုန်းခဲ့ပြီး ဂေါက်ကွင်းများတွင် လက်သိပ်ထိုးညှိနှိုင်းသဘောတူမှုများကို ဝေဖန်ခဲ့သည်။

အစိုးရကန် ထရိုက်လုပ်သူများအနေဖြင့် စီမံကိန်းများ လုပ်ဆောင်ရာတွင် အလွန်အမင်း နှောင့်နှေးမှုမျိုးကို သည်းခံတော့မည်မဟုတ်ဘဲ မသမာမှု လုပ်နေသည်ဆိုပါက တရားစွဲသွားမည်ဟုလည်း ဒူတာတေးက သတိပေးခဲ့သည်။

အလုပ်ကို မှန်မှန်ကန်ကန်၊ ခြစားမှု မရှိဘဲ လုပ်ဆောင်ပေးသူများကိုလည်း ချီးမြှောက်သည့်အနေနှင့် စီမံကိန်းပြီးသည်နှင့် ၁၅ ရက်အတွင်း အစိုးရဘက်က ငွေချေမည်ဟု ပြောကြားခဲ့သည်။ 

F-03



FOLLOW US