News

လူမျိုးရေးခွဲခြားစော်ကားခဲ့သည့် ဖာမင်ညိုကို အက်ဖ်အေ စွဲချက်တင်ဖွယ်ရှိ

လန်ဒန်၊ ဒီဇင်ဘာ ၆

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုကို အဲဗာတန်နောက်ခံလူ ဟိုးလ်ဂိတ်အား ရုန့်ရင်းကြမ်းတမ်းသည့် အသုံးအနှုန်းတစ်ရပ်ဖြင့် ဆဲဆိုစော်ကားခဲ့သည့်အတွက် စွဲချက်တင်စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖာမင်ညိုသည် လီဗာပူးက အဲဗာတန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားတတိယအဆင့် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်တွင် ဟိုးလ်ဂိတ်နှင့် ဘောလုံးယှဉ်လုရာ၌ စကားအချေအတင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအကြားတွင် ကိုယ်ထိလက်ရောက်ရန်ပွဲ ဖြစ်နိုင်ခြေရှိသည့်အခြေအနေတစ်ရပ် ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ဒိုင်လူကြီး ဘော်ဘီမတ်ဒ်လေအပါအ၀င် နှစ်ဖက်အသင်းသားများက ဝိုင်းဝန်းဖျောင်းဖျ နှစ်သိမ့်ခဲ့ကြရသည်။

အက်ဖ်အေသည် လက်ရှိတွင် ယင်းဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်စေရန်အတွက် ဒိုင်လူကြီး မတ်ဒ်လေ ရေးသားပေးပို့လာမည့် ပွဲပြီးအစီရင်ခံစာကို စောင့်မျှော်နေပြီဖြစ်ကာ ရုပ်သံမှတ်တမ်းများကမူ ဖာမင်ညိုက ဟိုးလ်ဂိတ်ကို ဆဲရေးတိုင်းထွာခဲ့သည်မှာ သေချာကြောင်း သက်သေခံနေပြီးဖြစ်သည်။

ဟိုးလ်ဂိတ်သည် ပွဲအပြီးတွင် အဲဗာတန်အသင်းအားကစားဒါရိုက်တာ စတိဗ်ဝေါ့ရှ်၏စီစဉ်ပေးမှုဖြင့် ဒိုင်လူကြီး မတ်ဒ်လေကို တွေ့ဆုံစကားပြောဆိုခွင့်ရခဲ့ပြီး ယင်းသို့တွေ့ဆုံချိန်တွင် ဖာမင်ညိုက ၎င်းကို ပြောကြားခဲ့သည့်စကားရပ်များအနက်တွင် လူမျိုးရေးခွဲခြားသည့်အသုံးအနှုန်းများလည်း ပါဝင်ခဲ့သည်ဟု ဟိုးလ်ဂိတ်က တိုင်ကြားခဲ့သေးကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဖာမင်ညိုနှင့် ဟိုးလ်ဂိတ်တို့ စကားအချေအတင်ဖြစ်ချိန်တွင် ကွင်းလယ်ဒိုင်လူကြီး မတ်ဒ်လေမှာ ၎င်းတို့နှစ်ဦးအနီးတွင် ရှိနေခဲ့သော်လည်း ဖာမင်ညိုက ပေါ်တူဂီဘာသာစကားကို အသုံးပြု၍ ဟိုးလ်ဂိတ်ကို ဆဲဆိုလိုက်ခြင်းကြောင့် ဒိုင်လူကြီးအနေနှင့် နားမလည်ဖြစ်ကာ ဖာမင်ညိုကို အရေးမယူလိုက်မိခြင်းဖြစ်နိုင်သည်ဟု အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက သုံးသပ်မှုများလည်း ရှိနေသည်။




FOLLOW US