News

03-Aug-2018

Soccer Serie A Juventus AC Milan Bonucci Higuain
ဘိုနုချီနှင့် ဟီဂူအင်တို့ အပြောင်းအရွှေ့များ တရားဝင် အပြီးသတ်

တူရင်၊ သြဂုတ် ၃

ဂျူဗင်တပ်နှင့် အေစီမီလန်တို့သည် နောက်ခံလူ ဘိုနုချီနှင့် တိုက်စစ်မှူး ဟီဂူအင်တို့၏အပြောင်းအရွှေ့များကို တရားဝင်အပြီးသတ်လိုက်နိုင်ပြီဖြစ်ပြီး ဂျူဗင်တပ်မှာ ဘိုနုချီကို အေစီမီလန်ထံသို့ ရောင်းထုတ်ခဲ့စဉ်က ပြောင်းရွှေ့ကြေးအတိုင်းပင် ပေါင် ၃၅ သန်းဖြင့် ၀ယ်ယူလိုက်နိုင်ခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

ဘိုနုချီသည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်အပြီးတွင် ဂျူဗင်တပ်နှင့် ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ဘိုနုချီအပြောင်းအရွှေ့အတွက် သဘောတူညီမှုရခဲ့သည့် ပြောင်းရွှေ့ကြေးပမာဏကို ဂျူဗင်တပ်က ဘောလုံးရာသီနှစ်ရာသီခွဲကာ အေစီမီလန်ထံသို့ ပေးချေသွားလိမ့်မည်ဖြစ်သည်။

ဂျူဗင်တပ်သည် ဘိုနုချီကို ခေါ်ယူနိုင်ရန်အတွက် ဟီဂူအင်နှင့် ကယ်လ်ဒါရာတို့ကို အပြီးသတ်ဝယ်ယူခွင့်ဆိုင်ရာ သဘောတူညီချက်များ ပါရှိပြီးဖြစ်သော တစ်နှစ်သက်တမ်း အငှားစာချုပ်များဖြင့် အေစီမီလန်ထံသို့ လက်လွှတ်ပေးလိုက်ရခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့် ဟီဂူအင်အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနှင့်ဆွေးနွေးခဲ့သော်လည်း ဘိုနုချီကို ပြန်လည်ခေါ်ယူနိုင်မည့် အခွင့်အလနမ်းတစ်ရပ် ထွက်ပေါ်လာချိန်တွင် ယင်းဆွေးနွေးမှုများကို ရပ်ဆိုင်းကာ အေစီမီလန်၏ကမ်းလှမ်းမှုကို ပြောင်းလဲလက်ခံလိုက်ခြင်းဖြစ်သည်ဟု ဂျူဗင်တပ်အသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

အေစီမီလန်သည် ဟီဂူအင်ကို တစ်နှစ်တာငှားရမ်းခြင်းအတွက် ဂျူဗင်တပ်ကို ယူရို ၁၈ သန်း ပေးချေရမည်ဖြစ်ပြီး ကစားသမားဖြစ်သူ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျသည့်အတွက် အပြီးသတ်ဝယ်ယူလိုပါကမူ ယူရို ၃၆ သန်း အေစီမီလန်က ထပ်မံအသုံးပြုရလိမ့်မည်ဖြစ်သည်။

ဂျူဗင်တပ်သည် ကယ်လ်ဒါရာကို အခမဲ့အသုံးပြုခွင့်ဖြင့် အေစီမီလန်ထံသို့ အငှားစေလွှတ်လိုက်ခြင်းဖြစ်ကာ ၎င်း၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျပါကမူ အေစီမီလန်က ပြောင်းရွှေ့ကြေးပမာဏ ယူရို ၃၅ သန်းကို နှစ်ရစ်ခွဲပေးစနစ်ဖြင့် ၀ယ်ယူနိုင်လိမ့်မည်ဖြစ်သည်။




FOLLOW US