News

03-Aug-2018

Soccer Serie A C Ronaldo Juventus
အသက် ၃၃ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် ဂျူဗင်တပ်ကဲ့သို့ ရင်းနှီးမြှုပ်နှံမည်မဟုတ်ဟု ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ပြောကြား

မြူးနစ်၊ သြဂုတ် ၃

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီသည် ဂျူဗင်တပ်အသင်းက စီရော်နယ်ဒိုကို စီးရီးအေပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေးချေခေါ်ယူလိုက်ခြင်းကို အပြစ်တင်စကား ပြောကြားလိုက်ပြီး ၎င်းတို့အနေနှင့် အသက် ၃၃ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ဟု ရူမင်နစ်ဂီက အသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ရူမင်နစ်ဂီသည် အီတလီဘောလုံးလောကမှာ ပုံရိပ်ကျဆင်းမှုများဖြင့် ရင်ဆိုင်နေရသည့်အတွက် ယခုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုမျိုးကို အရဲစွန့်၍ ဆောင်ရွက်လိုက်ရခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲကမူ ထိပ်တန်းအဆင့်တစ်ခုတွင် ရှိနေဆဲဖြစ်သည့်အတွက် ယင်းသို့ ဆောင်ရွက်ရန် မလိုအပ်ဟု ရူမင်နစ်ဂီက ပြောကြားသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ကစားသမားသစ်ခေါ်ယူရန်အတွက် ပေါင် ၁၇ သန်းသာ အသုံးပြုထားသေးကာ စီရော်နယ်ဒိုကို ခေါ်ယူလိုက်နိုင်ခြင်းမှာ ဂျူဗင်တပ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန်အတွက် အာမခံချက်တစ်ခု မဟုတ်ဟုလည်း ရူမင်နစ်ဂီက သုံးသပ်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရူမင်နစ်ဂီက “ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက်မှာ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီဘောလုံးရာသီ သုံးရာသီကို ပြန်ပြောင်းငဲ့ကြည့်လိုက်ရင် ရီးရဲလ်မက်ဒရစ်က ငွေအလုံးအလင်းအသုံးပြုပြီး ကစားသမားသစ် ခေါ်ယူစုစည်းတာမျိုး သိပ်မရှိခဲ့ပါဘူး။ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ဆိုရင် ငွေအများအပြား အသုံးပြုနေပါလျက်နဲ့ ချန်ပီယံလိဂ်မှာ ကျရှုံးနေဆဲပဲဖြစ်ပါတယ်။ ဂျူဗင်တပ်အတွက်လည်း စီရော်နယ်ဒိုကို ခေါ်ယူလိုက်နိုင်တာဟာ ချန်ပီယံလိဂ်ရဖို့ အာမခံချက် မဟုတ်ပါဘူး။ ကျွန်တော့်သဘောကိုပြောရရင် အသက် ၃၃ နှစ်အရွယ် ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့ အဲ့ဒီလောက် ငွေသုံးတာဟာ အရဲစွန့်ရာ ရောက်လွန်းပါတယ်။ ကျွန်တော်တို့ကတော့ ရီးရဲလ်မက်ဒရစ်လိုပဲ လိုသလောက်သာ ငွေသုံးပြီး အောင်မြင်မှုရယူနိုင်အောင် ကြိုးပမ်းသွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US