News

17-Aug-2018

Soccer Premier League Chelsea Hazard
ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ လက်လွှတ်ပေးလိုက်ရမည်ကို ချယ်လ်ဆီး အလွန်အမင်း စိုးရိမ်နေ

လန်ဒန်၊ သြဂုတ် ၁၇

ချယ်လ်ဆီးအသင်းသည် ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏တိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် ယခင်ကထက် အရှိန်မြှင့်ကြိုးပမ်းမှုများရှိလာတော့မည်ကို အလွန်အမင်း စိုးရိမ်နေကြောင်း Daily Star က ဖော်ပြထားသည်။ 

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အက်သလက်တီကိုက ရီးရဲလ်မက်ဒရစ်ကို အချိန်ပိုသွင်းဂိုးများနှင့်အတူ လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ဥရောပဆူပါဖလားပွဲစဉ်အပြီးတွင် ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လှုပ်ရှားရန် စီစဉ်မှုများရှိလာပြီး လက်ရှိတွင် ရီးရဲလ်မက်ဒရစ်ပရိသတ်များကလည်း စီရော်နယ်ဒို၏ကွက်လပ်များကို အစားဖြည့်ပေးရန်အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ဦးခေါ်ယူပေးပါရန် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို တောင်းဆိုမှုများရှိနေပြီဖြစ်သည်။ 

ရီးရဲလ်မက်ဒရစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဟားဇတ်ကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၅၀ ဖြင့် ချယ်လ်ဆီးထံသို့ ကမ်းလှမ်းဆက်သွယ်ခဲ့ပြီး ယင်းကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ငြင်းဆန်ပယ်ချကာ ဟားဇတ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏသစ် ပေါင်သန်း ၂၀၀ ရမှသာလျှင် လက်လွှတ်ပေးနိုင်လိမ့်မည်ဟု အကြောင်းပြန်ကြားခဲ့သည်။ 

ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို ဟားဇတ်က ယခုအချိန်တိုင်သည်အထိ လက်မှတ်မထိုးသေးဘဲ ငြင်းဆန်ပယ်ချထားဆဲဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားခဲ့ပြီဖြစ်၍ ဟားဇတ်ကို လက်လွှတ်လိုက်ရပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန် ကစားသမား ပြန်မခေါ်နိုင်တော့မည်ကို စိတ်ပူနေခြင်းဖြစ်သည်။



FOLLOW US