News

လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၅၀၀ သုံးစွဲရန် ရီးရဲလ်မက်ဒရစ် ရည်မှန်းထား

မက်ဒရစ်၊ ဇန်နဝါရီ ၂၇

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၅၀၀ အထိ သုံးစွဲ၍ အသင်းကို ပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် ကစားသမားသုံးဦးကိုခေါ်ယူရန်အတွက် ယင်းငွေပမာဏကို သုံးစွဲလိမ့်မည်ဖြစ်ကာ အဆိုပါကစားသမားသုံးဦးမှာ ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် မန်ယူဂိုးသမား ဒီဂီယာတို့ဖြစ်ကြသည်။

ရီးရဲလ်မက်ဒရစ်သည် ဟားဇတ်နှင့် ဟယ်ရီကိန်းတို့ကို ခေါ်ယူနိုင်ရန် ကစားသမားတစ်ဦးစီအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ စီ အသုံးပြုရန် စီစဉ်ထားပြီး ဒီဂီယာအတွက်မူ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ သုံးစွဲမည်ဟု ရီးရဲလ်မက်ဒရစ်က ရည်မှန်းထားလျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိဘောလုံးရာသီကို ဆုဖလားလက်မဲ့အနေအထားတစ်ရပ်ဖြင့် ဖြတ်သန်းရရန် လွန်စွာနီးစပ်နေပြီဖြစ်ကာ ပီအက်စ်ဂျီနှင့်ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်း နှစ်ကျော့ပေါင်းရလဒ်ဖြင့် အရေးနိမ့်ခဲ့မည်ဆိုပါက နည်းပြဇီဒန်းမှာ ရာထူးထုတ်ပယ်ခံရရန် သေချာသွားတော့မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ် ခေါ်ယူလိုသော ကစားသမားစာရင်းတွင် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာလည်း ပါဝင်နေပြီး နေမာကို ခေါ်ယူရရှိနိုင်ရန်အတွက် စီရော်နယ်ဒိုကိုပါ အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် အလိုက်ပေးကမ်းလှမ်းရန် ပီရက်ဇ်က စီစဉ်လျက်ရှိသည်။




FOLLOW US