News

15-Nov-2017

Soccer Manchester United Lukaku Belgium
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း သမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားအဖြစ် လုကာကု စံချိန်တင်

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၅

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတိုက်စစ်မှူး လုကာကုသည် ဘယ်လ်ဂျီယံက ဂျပန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားအဖြစ် စံချိန်တင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

လုကာကုသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ သွင်းဂိုးပေါင်း ၃၁ ဂိုးအထိ ရယူလိုက်နိုင်ပြီဖြစ်ကာ ယခုကဲ့သို့ သမိုင်းမှတ်တမ်းတစ်ခုကို ရေးထိုးခွင့်ရလိုက်သည့်အတွက် ၎င်းအနေနှင့် အတိုင်းမသိ ၀မ်းမြောက်ဂုဏ်ယူရပါကြောင်းလည်း လုကာကုက ဖွင့်ဟပြောကြားသွားခဲ့သည်။

လုကာကုသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဘယ်လ်ဂျီယံနှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်၌ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကြီးကို စတင်ကိုယ်စားပြုခွင့်ရခဲ့ပြီး လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှု ခုနစ်နှစ်အကြာတွင် ယခုကဲ့သို့ စံချိန်တစ်ရပ်ကို လုကာကုက ရေးထိုးသွားနိုင်ခဲ့ခြင်းဖြစ်သည်။

လုကာကုမတိုင်မီတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း သမိုင်းကြောင်းတစ်လျှောက်၌ ဂိုးအများဆုံးသွင်းယူရရှိသူကစားသမားများအဖြစ် ပူးတွဲရပ်တည်နေခဲ့ကြသည်မှာ ဗောဟော့ဖ်နှင့် ဗန်ဟင့်စ်တို့ဖြစ်ကြပြီး ယင်းကစားသမားနှစ်ဦးမှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ သွင်းဂိုး ၃၀ စီ ရယူပေးနိုင်ခဲ့ကြသူများဖြစ်သည်။

ဗောဟော့ဖ်သည် ၁၉၂၈ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ်တိုင်သည်အထိ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီး ဗန်ဟင့်စ်ကမူ ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၄ ခုနှစ်တိုင်သည်အထိ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ကစားပေးခွင့် ရရှိခဲ့သူဖြစ်သည်။



FOLLOW US