News

POST TAGGED AS

HARRY KANE

24-Apr-2018

Soccer Premier League Tottenham Harry Kane
စပါးတွင် ဆုဖလားဆွတ်ခူးနိုင်ရန် လုံလောက်သော စိတ်ဓာတ်ခံယူချက် မရှိကြောင်း ဟယ်ရီကိန်း ဖွင့်ဟ

လန်ဒန်၊ ဧပြီ ၂၄

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် မန်ယူက စပါးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အသင်းအခြေအနေကို လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိ စပါးအသင်းထံတွင် ဆုဖလားဆွတ်ခူးနိုင်ရန်အတွက် လုံလောက်သော စိတ်ဓာတ်ခံယူချက်မရှိကြောင်းလည်း ဟယ်ရီကိန်းက မှတ်ချက်ပေးပြောကြားသွားခဲ့ပြီဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။

စပါးသည် အက်ဖ်အေဖလားပြိုင်ပွဲ၏ဆီမီးဖိုင်နယ်အဆင့်သို့ နောက်ဆုံးရှစ်ကြိမ် တက်လှမ်းခဲ့ရာ၌ အရှုံးရလဒ်များဖြင့်သာ ဆက်တိုက်ကြုံဆုံခဲ့ရပြီး ဗိုလ်လုပွဲကစားခွင့်နှင့်ဝေးကွာခဲ့ရကာ လက်ရှိအခြေအနေများအရ လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပါးအသင်း၏အဓိကကစားသမားအချို့မှာ အသင်းကို စွန့်ခွာရန် သေချာလုနီးပါးရှိလာခဲ့ပြီလည်းဖြစ်သည်။

ဟယ်ရီကိန်းသည် လွန်ခဲ့သည့်လအနည်းငယ်ခန့်က ၎င်းအနေနှင့် စပါးအတွက် ဘောလုံးရာသီ တစ်ရာသီစာ ထပ်မံကစားပေးရန် စိတ်ကူးရှိဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး လက်ရှိတွင်မူ ဟယ်ရီကိန်းမှာ အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လာဖွယ် အခြေအနေများရှိနေပြီဖြစ်သည်။

ဟယ်ရီကိန်းသည် စပါးအတွက် နောက်ဆုံးပါဝင်ကစားပေးခွင့်ရခဲ့သည့် ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်ရှစ်ပွဲတွင် သွင်းဂိုး နှစ်ဂိုးတည်းသာ ရယူပေးနိုင်ခဲ့ပြီး ၎င်း၏စွမ်းဆောင်ရည်များ ယခုကဲ့သို့ တမုဟုချင်း ကျဆင်းသွားရသည်မှာ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်လိုက်ရသည့်အတွက် ပွဲဆက်ပြတ်သွားခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ဟယ်ရီကိန်းက သုံးသပ်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဟယ်ရီကိန်းက “ကျွန်တော်တို့ အခုထက်ပိုပြီးကောင်းမွန်ဖို့ လိုအပ်လာခဲ့ပါပြီ။ အသင်းဆီမှာ ဆုဖလားတွေဆွတ်ခူးရယူဖို့အတွက် လုံလောက်တဲ့စိတ်ဓာတ်ခံယူချက်မျိုး ရှိမနေဘူးလို့ပဲ ကျွန်တော် ခံစားနေရပါတယ်။ ဘောလုံးရာသီတစ်ရာသီပြီးဆုံးသွားချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်လေး ရတယ်၊ ရှုံးထွက်ဖလားပြိုင်ပွဲတစ်ခုခုမှာ ဆီမီးဖိုင်နယ်အဆင့်လောက် ရောက်လိုက်တယ်ဆိုတာနဲ့တော့ မကျေနပ်နိုင်မှာပါဘူး။ ကစားသမားတစ်ယောက်အတွက်ပဲဖြစ်ဖြစ် အသင်းတစ်သင်းအတွက်ပဲဖြစ်ဖြစ် အောင်မြင်မှုကို သက်သေထူဖို့က ဆုဖလားတွေ လိုအပ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US