News

POST TAGGED AS

HARRY KANE

27-Feb-2018

Soccer Premier League Tottenham Harry Kane
ဆုဖလားများ ဆွတ်ခူးရယူလိုပါက စပါးကို ဟယ်ရီကိန်း စွန့်ခွာရလိမ့်မည်ဟု ဘိုအက်စ် အကြံပြု

လန်ဒန်၊ ဖေဖော်ဝါရီ ၂၇

တရုတ်ဆူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို တာဝန်ယူကိုင်တွယ်နေသည့် စပါးနည်းပြဟောင်း ဘိုအက်စ်သည် တိုက်စစ်မှူး ဟယ်ရီကိန်းကို အောင်မြင်သည့်ကစားသမားဘ၀ဖြတ်သန်းမှုကို ဆုဖလားများဖြင့် ပုံဖော်လိုပါက စပါးကို စွန့်ခွာရန် လိုအပ်လိမ့်မည်ဟု အကြံပြုတိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

ဘိုအက်စ်သည် အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်သော ဟယ်ရီကိန်းအနေနှင့် စပါးထံတွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်း၍ အချိန်ဖြုန်းမနေသင့်တော့ကြောင်း ထောက်ပြသွားခဲ့ပြီး ဥရောပထိပ်သီးကလပ်အသင်းများက ခေါ်ယူရန် မျက်စိကျနေချိန်တွင် အခွင့်အရေးကို လက်မလွတ်တမ်း ဖမ်းဆုပ်ရမည်မှာ ဟယ်ရီကိန်းအတွက် တာဝန်တစ်ရပ်ပင်ဖြစ်ကြောင်းလည်း ဘိုအက်စ်က ဆက်လက်ပြောကြားသွားခဲ့သေးသည်။

ဟယ်ရီကိန်းသည် လက်ရှိဘောလုံးရာသီတွင် စပါးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၄ ဂိုး ရယူပေးထားပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်မှာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ ၀န်းကျင် အသုံးပြုရန်အထိပင် အစီအစဉ်ရေးဆွဲထားပြီလည်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဘိုအက်စ်က “အခုအချိန်မှာ ဟယ်ရီကိန်းကို အကြံပေးလိုတာက ကစားသမားဘ၀ဖြတ်သန်းမှုကို ဆုဖလားတွေနဲ့တည်ဆောက်ခွင့်ရလိုတယ်ဆိုရင် စပါးကို စွန့်ခွာလိုက်ဖို့ပါပဲ။ မော်ဒန်ခေတ်ဘောလုံးလောကမှာ အခွင့်အရေးတစ်ခု ကိုယ့်ဆီကို ရောက်ရှိလာပြီဆိုရင် အလျင်အမြန်ပဲ ဖမ်းဆုပ်လိုက်နိုင်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အခွင့်အရေးက နောက်တစ်ယောက်ဆီကို ရောက်သွားတော့တာပါပဲ။ ဟယ်ရီကိန်းဟာ ရည်မှန်းချက်ကြီးမားသူတစ်ယောက်ပါ။ သူ့စွမ်းဆောင်ရည်က အဆက်မပြတ် တိုးတက်နေပါတယ်။ လက်ရှိအချိန်မှာ အနာဂတ်အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုကို ဟယ်ရီကိန်းအနေနဲ့ ချမှတ်သင့်နေပါပြီ”ဟု ပြောကြားသွားခဲ့သည်။

စပါးဥက္ကဋ္ဌ လီဗိုင်းသည် လက်ရှိတွင် ဟယ်ရီကိန်းကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်လုပ်ခလစာတစ်ရပ်ပေးချေ၍ စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းနေပြီး ကာယကံရှင် ဟယ်ရီကိန်းကမူ ယခုအချိန်တိုင်သည်အထိ စာချုပ်သစ်ဆွေးနွေးမည့်ကိစ္စကို အချိန်ရွှေ့ဆိုင်းနေဆဲဖြစ်သည်။




FOLLOW US