News

POST TAGGED AS

HARRY KANE

ခန္ဓာကိုယ်တည်ဆောက်ပုံကို သဘောမကျသည့်အတွက် ဟယ်ရီကိန်းကို အသင်းအကယ်ဒမီမှထုတ်လိုက်မိခြင်းဟု အာဆင်နယ်အကယ်ဒမီဒါရိုက်တာဟောင်း အသိပေး

လန်ဒန်၊ ဖေဖော်ဝါရီ ၁၃

အာဆင်နယ်အသင်းအားကစားဒါရိုက်တာဟောင်း လီယန်ဘရာဒီသည် ဟယ်ရီကိန်းကို အသက်ရှစ်နှစ်အရွယ်တွင် အသင်းအကယ်ဒမီမှနေ၍ ထွက်ခွာခွင့်ပေးလိုက်သည်မှာ ဟယ်ရီကိန်း၏ခန္ဓာကိုယ်တည်ဆောက်ထားပုံက အားကစားသမားတစ်ဦးနှင့် မတူညီခြင်းကြောင့်ဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ပြီး လက်ရှိတွင်မူ ၎င်း၏ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ကို သိရှိလိုက်ပြီလည်းဖြစ်ကြောင်းလည်း ဘရာဒီက ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ဟယ်ရီကိန်းသည် အာဆင်နယ်အကယ်ဒမီကို စွန့်ခွာခဲ့ရအပြီးတွင် စပါးအကယ်ဒမီထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ၎င်းအနေနှင့် အာဆင်နယ်၏စွန့်ပစ်ခြင်းခံရသည်ကို မခံချင်စိတ်ဖြင့် ကြိုးစားခဲ့သည့်အတွက် ယနေ့တွင် ယခုကဲ့သို့သောအခြေအနေကို ပိုင်ဆိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောကြားထားသည်။

ဟယ်ရီကိန်းသည် စပါးက အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး လက်ရှိတွင် စပါးနှင့် အာဆင်နယ်တို့ ထိပ်တိုက်တွေ့သည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်များတွင် ဟယ်ရီကိန်း သွင်းယူရရှိသော သွင်းဂိုးအရေအတွက်မှာ ခုနစ်ဂိုးအထိ ရှိသွားခဲ့ပြီလည်းဖြစ်သည်။

ဟယ်ရီကိန်းသည် မြောက်လန်ဒန်ဒါဘီပွဲစဉ်များတွင် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူ ကစားသမားစာရင်း၌ ဒုတိယနေရာတွင် ရပ်တည်နေပြီး ၎င်း၏အထက်တွင် သွင်းဂိုးအရေအတွက် ရှစ်ဂိုးဖြင့် ပထမနေရာကို ရယူထားသည်မှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း အဒီဘာယောဖြစ်သည်။

ဟယ်ရီကိန်းသည် လက်ရှိတွင် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၁၄၂ ပွဲ ပါဝင်ကစားခွင့်ရခဲ့ရာတွင် သွင်းဂိုး ၁၀၁ ဂိုးအထိ ရယူထားနိုင်ခဲ့ပြီဖြစ်ကာ ဟယ်ရီကိန်းမှာ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် အဆက်မပြတ် ဆက်လက်တိုးတက်နေဦးမည်သာဖြစ်ကြောင်းလည်း ၎င်း၏ဆရာဟောင်း ဘရာဒီက မှတ်ချက်ပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဘရာဒီက “ဟယ်ရီကိန်းဟာ ကလေးဘ၀တုန်းက ပါးဖောင်းဖောင်းလေးနဲ့ တကယ့်ကို ချစ်စဖွယ် ကောင်လေးတစ်ယောက်ပါ။ သူ့ကို ကျွန်တော့်ဘက်က မှတ်ချက်ချမှု မှားသွားခဲ့တယ်ဆိုတာ ၀န်ခံပါတယ်။ အဲ့တုန်းက သူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံကိုကြည့်ပြီး ထိပ်တန်းအဆင့်ကစားသမားတစ်ယောက်ဖြစ်လာဖို့ မလွယ်နိုင်လောက်ဘူးလို့ ကျွန်တော် သုံးသပ်ခဲ့တာပါ။ အဲ့ဒါကြောင့်ပဲ အသင်းအကယ်ဒမီကနေ သူ့ကို ထုတ်ပယ်လိုက်မိတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဟယ်ရီကိန်းက အတိုင်းအဆမဲ့ တိုးတက်သူတစ်ယောက်ဖြစ်လို့နေပါပြီ။ များမကြာခင်မှာပဲ သူ့ကို အားလုံးက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် လက်ခံလာကြပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US