News

ဖျော်ဖြေမှုဆန်ဆန် ကစားနိုင်ရန်ထက် နိုင်ပွဲရရန်သာ အလိုရှိကြောင်း ဂွါဒီယိုလာ အသိပေး

မန်ချက်စတာ၊ စက်တင်ဘာ ၂

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် ၎င်းတာဝန်ယူခဲ့ရသည့်အသင်းများကို ဖျော်ဖြေမှုဆန်ဆန် ကစားနိုင်ရန်ထက် နိုင်ပွဲရယူနိုင်ရန်သာ ဦးတည်ချက်ထား၍ အထိုင်ချပုံဖော်ခဲ့သည်ဟု အံ့သြသင့်ဖွယ် ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂွါဒီယိုလာသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ မန်စီးတီးကို ဖျော်ဖြေမှုပေးသည့် လှပညက်ညောသော ကစားဟန်ဖြင့် အသင်းစုဖွဲ့ထားနိုင်ခြင်းကြောင့် သတင်းမီဒီယာများ၏အမွှမ်းတင်ချီးကျူးခြင်းကို ခံနေရပြီး ယင်းအချိန်တွင် ၎င်းမှာ ကစားဟန်ထက် အနိုင်ရရန်သာ ဦးတည်သည့်နည်းပြဖြစ်သည်ဟု ဂွါဒီယိုလာက အသိပေးလိုက်ခြင်းဖြစ်သည်။

မန်စီးတီးသည် ဂွါဒီယိုလာလက်ထက်တွင် ရမှတ်စုစုပေါင်း ၁၈၈ မှတ်၊ သွင်းဂိုးအရေအတွက် ၁၉၇ ဂိုး ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး ယင်းမှာ ဂွါဒီယိုလာ တာဝန်ယူပြီးချိန်ကစ၍ မန်စီးတီးက အခြားသောအသင်းများထက် အပြတ်သာလွန်လာသည့် စွမ်းဆောင်ရည်တစ်ရပ်ပင်ဖြစ်သည်။

မန်စီးတီးသည် ဘောလုံးပိုင်ဆိုင်မှု အပါအ၀င် ပြိုင်ဘက်အသင်းများအပေါ် ဖိအားပေးနိုင်မှု၊ ဂိုးပေါက်ခြိမ်းခြောက်မှု၊ ဂိုးပေါက်တည့်ကန်သွင်းနိုင်မှု စသည်တို့တွင်လည်း နည်းပြ ဂွါဒီယိုလာလက်ထက်၌ တိုးတက်မှုရှိလာခဲ့ပြီး ပရီးမီးယားလိဂ်သို့ စတင်ရောက်ရှိလာသည့် ပထမဆုံးသော ဘောလုံးရာသီ၌မူ ၎င်းအနေနှင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်းလည်း ဂွါဒီယိုလာက ဖွင့်ဟ၀န်ခံထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ကျွန်တော်က ဖျော်ဖြေမှုဆန်တဲ့ ကစားဟန်ကို အသားပေးတဲ့နည်းပြလို့ အားလုံးက ထင်မှတ်မှားနေကြပါတယ်။ တကယ်က ကျွန်တော်ဟာ အနိုင်ရရေးကိုပဲ ဦးတည်တဲ့နည်းပြပါ။ ပထမဆုံးဘောလုံးရာသီတုန်းက အသင်းမှာ အသက်အရွယ်ရနေတဲ့ ကစားသမားတွေ များလွန်းတာမို့ ကျွန်တော် လုပ်ချင်သလို လုပ်မရခဲ့ပါဘူး။ လက်ရှိမှာတော့ အသင်းကို လူငယ်သွေးသစ် အများစုနဲ့ ကျွန်တော် အထိုင်ချလိုက်နိုင်ပါပြီ။ ဒီအသင်းဟာ နောင်နှစ်ပေါင်းများစွာအထိ အကောင်းဆုံးပုံစံတစ်ရပ်နဲ့ ဆက်ရှိသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝယုံကြည်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US