News

02-Sep-2018

Soccer Premier League Manchester City
မန်စီးတီးကို မ၀ယ်ယူမီတွင် လန်ဒန်မြို့အခြေစိုက် ကလပ်အသင်းတစ်သင်းကို ၀ယ်ယူရန် ရှိတ်မန်ဆော် နီးစပ်ခဲ့

မန်ချက်စတာ၊ စက်တင်ဘာ ၂

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်သည် မန်စီးတီးအသင်းကို မ၀ယ်ယူမီတွင် လန်ဒန်မြို့အခြေစိုက် ကလပ်အသင်းတစ်သင်းကို ၀ယ်ယူရန် လွန်စွာနီးစပ်ခဲ့ဖူးပြီး လန်ဒန်ကလပ်ကို ၀ယ်ယူရန် နှစ်ဦးနှစ်ဖက်အကြားတွင် အပြုသဘောဆောင်သော သဘောတူညီချက်များ ရရှိခဲ့ပြီးသည့်နောက်တွင်မှ ရှိတ်မန်ဆော်က သဘောထား ပြောင်းလဲသွားခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရှိတ်မန်ဆော်သည် မန်စီးတီးကို မ၀ယ်ယူမီတွင် အခြားသော ပရီးမီးယားလိဂ်ကလပ်အသင်းသုံးသင်းကို ချဉ်းကပ်ဆွေးနွေးခဲ့ပြီး အဆုံးသတ်တွင်မူ ရှိတ်မန်ဆော်မှာ မှန်ကန်သည့်ရွေးချယ်မှုကို ဆောင်ရွက်နိုင်ကြောင်းအား မန်စီးတီးအသင်း၏အောင်မြင်မှုများက သက်သေခံလျက်ရှိသည်ဟု အသင်းဥက္ကဋ္ဌ အယ်လ်မူဘာရက်ခ်က ဖွင့်ဟပြောကြားသွားခဲ့သည်။

ရှိတ်မန်ဆော်သည် မန်စီးတီးကို ၀ယ်ယူခဲ့ပြီးသည့်နောက်တွင် အသင်းပိုင် အီတီဟတ်ဒ်ဘောလုံးကွင်းသို့ လာရောက်၍ ဘောလုံးပွဲစဉ်တစ်ပွဲတည်းသာ တက်ရောက်ကြည့်ရှုခဲ့ဖူးပြီး အသင်းဥက္ကဋ္ဌ အယ်လ်မူဘာရက်ခ်ကမူ ရှိတ်မန်ဆော်မှာ မန်စီးတီးကို ၎င်း၏ကိုယ်ပိုနည်းလမ်းဖြင့် အချစ်ထားသူဖြစ်သည်ဟု ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အယ်လ်မူဘာရက်ခ်က “ရှိတ်မန်ဆော်ကို အင်္ဂလန်ဆီလာရောက်ပြီး အသင်းရဲ့ပွဲစဉ် တစ်ပွဲတည်းပဲ လာကြည့်ဖူးတယ်လို့ ဝေဖန်တာတွေရှိနေပါတယ်။ ဒါပေမဲ့ သူက အသင်းကို သူ့နည်းလမ်း သူ့ပုံစံနဲ့ အချစ်ထားသူပါ။ ၁၀ နှစ်တာကာလအတွင်းမှာ အသင်းရဲ့ပွဲစဉ်အားလုံးကို ရုပ်သံကတစ်ဆင့် သူကြည့်ရှုအားပေးနေခဲ့တာကို ကျွန်တော် အသိဆုံးပါပဲ။ ခရာဘောင်းဖလားပွဲစဉ်မျိုးကိုတောင် သူက အလွတ်မပေးခဲ့ပါဘူး”ဟု အသိပေးသွားခဲ့သည်။

မန်စီးတီးသည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန်၊ စပိန်နှင့် ဥရုဂွေးတို့တွင် မိတ်ဖက်ကလပ်အသင်းများ တည်ထောင်ထားနိုင်ပြီဖြစ်ပြီး လက်ရှိတွင် တရုတ်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် တရုတ်ဆူပါလိဂ်ကလပ်အသင်းတစ်သင်းနှင့်မိတ်ဖက်ဖွဲ့နိုင်ရန် ကြိုးပမ်းနေသည်ဟု အယ်လ်မူဘာရက်ခ်က ပြောကြားထားသည်။




FOLLOW US