News

20-May-2018

Myanmar Grab
Grab Myanmar ကုမ္ပဏီက ဖဲကြိုးဖြူလှုပ်ရှားသည့် ယာဉ်မောင်းများနှင့် ညှိနှိုင်းမည်
ရန်ကုန်၊ မေ ၁၉

Grab Myanmar ကုမ္ပဏီက ဖဲကြိုးဖြူလှုပ်ရှားမှုတွင် ပါဝင်သည့်  Grab Member ဝင် ယာဉ်မောင်းများနှင့် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း Grab Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်းတွေနဲ့ တွေ့ဆုံမယ်၊ သူတို့အခက်ခဲတွေကို နားထောင်မယ်၊ အတတ်နိုင်ဆုံးညှိပေးမယ်”ဟု ၎င်းက ဆိုသည်။

ညှိနှိုင်းမည့် အချိန်ကာလကို မကြာမီရက်ပိုင်းအတွင်း အသိပေးမည်ဖြစ်ပြီး ယာဉ်မောင်းများ တောင်းဆိုသည့်အချက်များတွင် လိုက်လျောပေးနိုင်သည့် အချက်များကို အတတ်နိုင်ဆုံးညှိနှိုင်းပေးမည် ဖြစ်သော်လည်း အချို့သောအချက်များကို ညှိနှိုင်းပေးရန် အဆင်မပြေပါက လိုက်လျောပေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

“တကယ်ညှိနှိုင်းမှု လုပ်ပေးမယ်ဆိုရင်တော့ တောင်းဆိုရမယ့်အချက်တွေက များတယ်။ ခရီးသည်တွေ အပါအဝင် အားလုံးကို တစ်ခုတော့ ပြောချင်တာက ဈေးများများလိုချင်လို့ ကမ်းပိန်းလုပ်တာ မဟုတ်ပါဘူး”ဟု ဖဲကြိုးဖြူလှုပ်ရှားသူ Taxi ယာဉ်မောင်းတစ်ဦးကဆိုသည်။

ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည်ဆိုပါက ယာဉ်မောင်းများ သုံးစွဲရသည့် App တွင် ခရီးစဉ်တစ်ခုကို လက်မခံခင် ဘယ်မှ ဘယ်ကို သွားမည်ဟု ခရီးစဉ်များ ဖော်ပြပေးခြင်း၊ ယာဉ်စီးခဈေးနှုန်း ကြိုမြင်ခြင်း၊ ခရီးစဉ်မကြိုက်ပါက Cancel လုပ်ခွင့်ပေးခြင်း၊ ယာဉ်တစ်စီးတွင် ခရီးသည်များ လေးဦးထက် ပိုမစီးရန် ကြိုတင်ထုတ်ပြန်ပေးထားစေခြင်းနှင့် ယာဉ်မောင်း၏ အသက်အာမခံနှင့် လုံခြုံရေးအတွက် မည်သို့ လုပ်ဆောင်ပေးထားသည်ကို သေချာသိလိုခြင်း စသည့်အချက်များ အပါဝင် အခြားအချက်များကို ညှိနှိုင်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ဖဲကြိုးဖြူ လှုပ်ရှားသူများထံမှ သိရသည်။

Grab Member ဝင်အဖြစ် စဝင်ခဲ့ချိန်က ကုမ္ပဏီနှင့် ကြိုတင်သဘောတူချက်မှာ ယာဉ်ပေါ် ခရီးသည် စတက်သည်နှင့် (နှစ်ကီလိုအတွင်း) ကျပ် ၂၀၀၀ ယာဉ်မောင်းက ရမည်ဖြစ်ပြီး ကီလိုကျော် လွန်ပါက တစ်ကီလိုလျှင် ကျပ် ၃၅၀ ရရှိမည်ဖြစ်ကြောင်း ဖဲကြိုးဖြူလှုပ်ရှားမှု ဦးဆောင်သူတစ်ဦးက ပြောကြားသည်။

“အဲအချိန်က ဆီဈေး ၆၅၀၊ ၆၈၀ ပဲရှိတယ်။ အခု ၈၅၀၊ ၈၆၀ ဖြစ်နေပြီ။ နောက်ကုမ္ပဏီက ယူတဲ့ရာခိုင်နှုန်းက တစ်ထောင်ကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းဖြစ်သွားပြီ။ လက်ရှိအခက်အခဲကို တင်ပြလည်း မလိုက်လျောဘူး”ဟု ၎င်း ကဆိုသည်။

လက်ရှိတွင် ဖဲကြိုးဖြူကမ်ပိန်းကို ရပ်တန့်မည် မဟုတ်သေးဘဲ Grab Myanmar ကုမ္ပဏီဘက်က အမှန်တကယ် ညှိနှိုင်းပေးမှုကို စောင့်ကြည့်မည်ဖြစ်ကြောင်း ဖဲကြိုးဖြူလှုပ်ရှားသူများထံမှ သိရသည်။

စင်ကာပူနိုင်ငံအခြေစိုက် Grab သည် အရှေ့တောင် အာရှဒေသတွင်း၌ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အစားအစာနှင့် အထုပ်အပိုး ပို့ဆောင်ရေး လုပ်ငန်း၊ မိုဘိုင်းလ်ငွေပေးချေစနစ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ကိုင်လျက်ရှိသည်။

J-06၊ J-18

  • VIA


FOLLOW US