News

07-Jul-2018

Soccer Ozil Germany Gandogan Erdogan
အိုဇေးလ် မပါဝင်သည့် ဂျာမနီအသင်းကို စတင်စုဖွဲ့ရန် ပြင်ဆင်နေပြီဟု ဘီယာဟော့ဖ် အသိပေး

မြူးနစ်၊ ဇူလိုင် ၇

ဂျာမနီအသင်းမန်နေဂျာ အိုလီဗာ ဘီယာဟော့ဖ်သည် ၎င်းတို့အနေနှင့် ကွင်းလယ်လူ အိုဇေးလ် မပါဝင်သည့် အနာဂတ်ဂျာမနီအသင်းကို စုဖွဲ့ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း အုပ်စုအဆင့်မှနေ၍ လှည့်ပြန်ခဲ့ရခြင်း၌ အိုဇေးလ်၏ညံ့ဖျင်းမှု များစွာပါဝင်သည်ဟု ဂျာမနီဘောလုံးပရိသတ်များက ယူဆနေကြောင်း Daily Mail က ဖော်ပြထားသည်။

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့သည် တူရကီနွယ်ဖွား ဂျာမနီနိုင်ငံသားများဖြစ်ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီတွင် တူရကီသမ္မတ အာဒိုဂန်နှင့် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့သည့်လုပ်ရပ်မှာ အသင်းအပေါ် ကြီးမားသော ရိုက်ခတ်မှုများရှိခဲ့သည်ဟု ဘီယာဟော့ဖ်က ယူဆထားသည်။

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့သည် တူရကီသမ္မတ အာဒိုဂန်နှင့်တွေ့ဆုံခဲ့ရာတွင် အာဒိုဂန်ကို ထောက်ခံသည့်သဘောဆောင်သော စကားရပ်များပြောကြားခဲ့ပြီး ယင်းလုပ်ရပ်မှာ ရွေးကောက်ပွဲဝင်မည့် အာဒိုဂန်အတွက် မဲဆွယ်ပေးသည့်အသွင်ဖြစ်နေကြောင်း၊ ဂျာမနီနိုင်ငံကို သစ္စာဖောက်သကဲ့သို့ ဖြစ်နေကြောင်း စသဖြင့် ဂျာမနီသတင်းမီဒီယာမျာuး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။

ဂျာမနီသည် ကျင်းပနေဆဲဖြစ်သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နှစ်ပေါင်း ၈၀ ဖြတ်သန်းမှုအတွင်း ပြိုင်ပွဲမှနေ၍ အစောဆုံးထွက်ခွာရသည့် မှတ်တမ်းဆိုးကို ရင်ဆိုင်ခဲ့ရပြီး အိုဇေးလ်ကို ထည့်သွင်းအသုံးပြုခဲ့သောပွဲစဉ်များတွင် အခြားသောကစားသမားများက ၎င်းနှင့်တွဲဖက်ကစားလိုစိတ် ကင်းမဲ့နေသည့်အချက်မှာ အသင်းကို ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဘီယာဟော့ဖ်က ယူဆထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဘီယာဟော့ဖ်က “ အသင်းအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ စဉ်းစားရပါတော့မယ်။ နောက်ထပ်အဆင့်တစ်ခုဆီ၊ နောက်ထပ်စိန်ခေါ်မှုတစ်ခုဆီကိုသွားဖို့ လက်ရှိအခြေအနေနဲ့က မဖြစ်နိုင်တော့ပါဘူး။ အသင်းမှာ စည်းလုံးမှုပိုင်းဆိုင်ရာ ပြိုကွဲမှုတွေရှိနေပါတယ်။ တစ်ချို့ကစားသမားတွေရဲ့မဆင်မခြင်လုပ်ရပ်တွေဟာ အသင်းအပေါ်ကို အရမ်းပဲ ရိုက်ခတ်မှုကြီးမားလွန်းခဲ့တာ အမှန်ပါပဲ။ အခုအချိန်ကစပြီး အိုဇေးလ် မပါဝင်တဲ့ ကွင်းလယ်စုဖွဲ့မှုတစ်ခုကို အထိုင်ချဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါပြီ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US