News

23-Aug-2018

Soccer Serie A Genoa
ဂျီနိုအာ တံတားပြိုကျမှုဖြစ်စဉ်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်စုံများ ၀တ်ဆင်ကစားမည်

မီလန်၊ သြဂုတ် ၂၃

စီးရီးအေပြိုင်ပွဲဝင်အသင်းများသည် ယခုသီတင်းပတ်အတွင်း ယျဉ်ပြိုင်ရမည့် စီးရီးအေပွဲစဉ်အမှတ်(၂)တွင် ဂျီနိုအာတံတားပြိုကျမှုဖြစ်စဉ်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံများ ၀တ်ဆင်ကာ ကစားသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂျီနိုအာမြို့ရှိ ပွန်တီမိုရန်ဒီတံတားသည် လွန်ခဲ့သည့်သီတင်းပတ်က မိုးကြိုးထိမှန်ကာ ပြိုကျပျက်စီးခဲ့ပြီး တံတားပြိုကျရာ ဖြစ်ပေါ်လာသည့် အပျက်အစီးအပိုင်းအစများက လူနေအိမ်များနှင့် အလုပ်ရုံးခန်းပေါင်းများစွာကို ပျက်စီးစေခဲ့ကာ ယင်းဖြစ်စဉ်ကြောင့် လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဘ၀ကို ရောက်ရှိခဲ့ရသည်ဟု အီတလီအစိုးရက ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။

ပွန်တီမိုရန်ဒီတံတားပြိုကျမှုဖြစ်စဉ်သည် လူ ၄၃ ဦးကို အသက်ဆုံးရှုံးသည်အထိ ဖြစ်စေခဲ့ကာ ယင်းသေဆုံးသူများ၏အသုဘကို ပြည်နယ်အဆင့်ဈာပနအဖြစ် သတ်မှတ်၍ ဂျီနိုအာမြို့တော်ဝန်ကောင်စီက ဦးစီးဦးရွက်ပြု စီစဉ်ဆောင်ရွက်ပေးသွားခဲ့သည်။

အီတလီဘောလုံးအဖွဲ့ချုပ်သည် လွန်ခဲ့သည့်သီတင်းပတ်၌ ဂျီနိုအာနှင့် အေစီမီလန်၊ ဖီအိုရင်တီးနားနှင့် ဆမ်ဒိုးရီးယားတို့ ယှဉ်ပြိုင်ရမည့် စီးရီးအေပွဲစဉ်များကို ပွန်တီမိုရန်ဒီတံတားပြိုကျမှုဖြစ်စဉ်ကြောင့် ပွဲရွှေ့ပေးခဲ့ပြီး အီတလီနိုင်ငံတစ်ဝန်းရှိ ဘောလုံးကလပ်အသင်းများက တံတားပြိုကျမှုဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ ဘ၀ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေများကို ရန်ပုံငွေအဖြစ် ငွေပဒေသာပင်စိုက်ထူပေးနိုင်ရန်လည်း စီစဉ်လျက်ရှိသည်။

အီတလီစီးရီးအေပြိုင်ပွဲဝင်အသင်းများသည် ယခုသီတင်းပတ်၌ ယှဉ်ပြိုင်ကစားမည့် စီးရီးအေပွဲစဉ်များတွင် ဂျာစီအင်္ကျီ သို့မဟုတ် ဘောင်းဘီများ၌ Genoa in our hearts(ကျွန်ုပ်တို့၏နှလုံးသားများထဲတွင် ဂျီနိုအာရှိသည်)ဟူသော စာတန်းများကို ရေးသားဖော်ပြကာ ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို ဖော်ကျူးကြမည်ဖြစ်သည်။




FOLLOW US