News

POST TAGGED AS

GARY NEVILLE

မော်ရင်ညိုအလွန်တွင် ပိုချက်တီနိုကို အသင်းနည်းပြသစ်အဖြစ် မရွေးမိရန်လိုသည်ဟု ဂယ်ရီနဗီးလ် သတိပေး

မန်ချက်စတာ၊ သြဂုတ် ၁၄

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မော်ရင်ညိုအလွန် ခေတ်ကာလတစ်ခုတွင် မန်ယူအတွက် နည်းပြသစ်တစ်ဦး ထပ်မံရွေးချယ်ပါက အသင်းတာဝန်ရှိသူများအနေနှင့် စပါးနည်းပြ ပိုချက်တီနိုကို ထည့်သွင်း မစဉ်းစားမိရန် လိုသည်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဂယ်ရီနဗီးလ်သည် ဖာဂူဆန်အလွန်တွင် မန်ယူနည်းပြအဖြစ် အသင်းကို တာဝန်ယူခဲ့ကြသူများမှာ မန်ယူ၏DNA(မျိုးဗီဇ)ကို စနစ်တကျ ဖျက်ဆီးပစ်လိုက်ကြသည်ဟု စွပ်စွဲပြစ်တင်ထားပြီး ဗန်ဟားလ်နှင့် မော်ရင်ညိုတို့လက်ထက်တွင် မန်ယူ၏ကစားဟန်မှာ လွန်စွာပင် ဆိုးဆိုးရွားရွားဖြစ်သွားခဲ့သည်ဟုလည်း ဂယ်ရီနဗီးလ်က မှတ်ချက်ပေးသွားခဲ့သည်။

ဂယ်ရီနဗီးလ်သည် မော်ရင်ညိုမှာ မန်ယူနည်းပြရာထူးတွင် အချိန်ကြာမြင့်စွာ ရှိနိုင်တော့မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်ထားပြီး မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့၏နည်းပြသစ်လျာထားစာရင်းတွင် စပါးနည်းပြ ပိုချက်တီနိုမှာ ကျိန်းသေ ပါရှိလာလိမ့်မည်ဟုလည်း ဂယ်ရီနဗီးလ်က ယူဆထားသည်။

ဂယ်ရီနဗီးလ်သည် မန်ယူအသင်းတာဝန်ရှိသူများမှာ ပိုချက်တီနိုကို ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် အသားကျသော နည်းပြတစ်ဦးဖြစ်နေခြင်း၊ လူငယ်ကစားသမားများကို နေရာပေးအားပြုသော နည်းပြတစ်ဦးဖြစ်နေခြင်း စသည့်အချက်များကြောင့် လွန်စွာနှစ်သက်လိုလားမှုရှိနေသည်ဟု ထုတ်ဖော်ပြောကြားသွားခဲ့ပြီး ၎င်း၏ဆရာဖြစ်သူ နည်းပြ ဖာဂူဆန်မှာ မန်ယူအတွက် ၂၆ နှစ်တာကာလအတွင်း ကစားဟန်တစ်ခုကို တာဝန်ကျေစွာ မျိုးစေ့ချပေးခဲ့ပြီးပြီဖြစ်ကြောင်းလည်း ဂယ်ရီနဗီးလ်က မှတ်ချက်ပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂယ်ရီနဗီးလ်က “မန်ယူဆိုတာ နည်းပြဖာဂူဆန်လက်ထက်မှာ ဘာစီလိုနာနဲ့ အေဂျက်တို့လို ဥရောပမှာ ကိုယ့်ကစားဟန်နဲ့ကိုယ် ရပ်တည်ခဲ့တဲ့အသင်းပါ။ တောင်ပံတွေကို အားပြုပြီး ကစားတဲ့နည်းဗျူဟာကို ဘယ်အသင်းကမှ မန်ယူလောက် ပိုင်ပိုင်နိုင်နိုင် ကစားနိုင်စွမ်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ၄-၄-၁-၁ နဲ့ ၄-၄-၂ နည်းဗျူဟာတွေကို လိုအပ်သလို လှည့်ပြောင်းပြီး တောင်ပံတွေကနေ ပြိုင်ဘက်ကို မရပ်မနား ဖိအားပေးခဲ့ပါတယ်။ တကယ်က ဒီကစားဟန်ကို ဆက်လက်ထားရှိပြီး အဲ့ဒီနေရာတွေမှာ ဘယ်ကစားသမားတွေ အံဝင်နိုင်မယ်ဆိုတာကို စဉ်းစားလိုက်ရုံနဲ့တင် အသင်းအကျပ်အတည်းက ပြေလည်သွားမှာပါ။ အခုနည်းပြတွေက သူတို့ရဲ့ပုံစံတွေနဲ့ မန်ယူကို ပြုပြင်နေကြပါတယ်။ ဘာစီလိုနာဆိုရင် ဘယ်အချိန်ကြည့်ကြည့် ၄-၃-၃ ပါပဲ။ ဘယ်နည်းပြပဲရောက်လာရောက်လာ သူတို့ဟန်ကို အပျက်စီး မခံပါဘူး။ နည်းပြက သူတို့ရဲ့DNAကို ဖျက်ဆီးမယ်လုပ်တာနဲ့ အဲ့ဒီနည်းပြကို ရာထူးကနေ ချက်ချင်းထုတ်ပစ်လိုက်ပါတယ်။ မော်ရင်ညိုအလွန်မှာ နည်းပြသစ်တစ်ယောက် စဉ်းစားရင် ပိုချက်တီနိုကို လုံးဝထည့်မစဉ်းစားပါနဲ့။ သူလည်း သူ့ဟန်ကို အသားပြုတဲ့နည်းပြပါ။ မန်ယူအကြောင်းကို သူ နားမလည်ပါဘူး။ တောင်ပံတိုက်စစ်ကစားဟန်နဲ့ အသင်းကို အထိုင်ချဖို့ သူလည်း မကျွမ်းကျင်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US