News

မြေငလျင်တိုင်း GPS စက်များမှ ဘက်ထရီနှင့်ဆိုလာပြားများ ခိုးယူခံရ
မန္တလေး၊ ဧပြီ ၂

မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင် တပ်ဆင်ထားသော GPS စက်များမှ ဘက်ထရီနှင့်ဆိုလာပြားများ ခိုးယူခံနေရကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးသူရအောင်က ပြောကြားသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဘက်ထရီတစ်လုံး အခိုးခံခဲ့ရတယ်။ ဒီစက်တွေက အချိန်ပြည့်လည်ပတ်နေတာ။ အမြဲတမ်းတိုင်းနေရတာ။ တစ်နှစ်တာရွေ့လျားမှုကို တိုင်းတယ်ဆိုရင် ရပ်သွားတဲ့အတွက် ပြန်တွက်ချင်တဲ့အခါမှာ ခန့်မှန်းချက်တွေထုတ်တဲ့အခါမှာ မပြည့်စုံမှုတွေရှိလာနိုင်တယ်။ ဒီစက်တွေက သုတေသနလုပ်ဖို့ တပ်ဆင်ထားတာဖြစ်တဲ့အတွက် မယူသင့်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။

စင်ကာပူနိုင်ငံ နန်ယန်းတက္ကသိုလ် မြေကမ္ဘာလေ့လာရေးအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် GPS စက်များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ၁၇ လုံး တပ်ဆင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်နှစ် စပိုင်းမှစ၍ လက်ရှိအချိန်ထိ ဘက်ထရီလေးလုံး၊ ဆိုလာပြားသုံးချပ် ခိုးယူခံခဲ့ရကြောင်း၊ GPS စက်များသည် မြေထုချပ်များ၏ရွေ့လျားမှုများကို သိရှိနိုင်ရန် တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယင်းစက်များမှ အချက်အလက်များကို နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာန၊ အချက်အလက်စင်တာသို့ အချိန်နှင့်တစ်ပြေးညီပေးပို့နေရကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင်ရှိသော အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် ပွတ်တိုက်ရွေ့လျားရာ တစ်လျှောက်တွင် ငလျင်များလှုပ်လေ့ရှိ ကြောင်း၊ ငလျင်လှုပ်ရှားမှုများကို တိုင်းတာနိုင်ရန် ရန်ကုန်နှင့်မန္တလေးမြို့တွင် အန်နာလော့စနစ်ဖြင့် ငလျင်တိုင်းတာသည့် စခန်းနှစ်ခု၊ မန္တလေး၊ ရန်ကုန်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်ပြည်နယ်တို့တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့်တိုင်းတာသည့် စခန်း ၁၂ ခုထိ ရှိနေကြောင်း၊ ငလျင်ကွန်ရက် ပိုများလာသည်နှင့်အမျှ ငလျင်လှုပ်ခတ်မှုများကို ပိုမိုတိုင်းတာ ထုတ်ပြန်ပေးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနထံမှလည်း သိရသည်။ 

M-05



FOLLOW US