News

မက်ဆီကိုခေါ်ယူနိုင်ရန် လွန်စွာနီးစပ်သော အခြေအနေကို ပိုင်ဆိုင်ခဲ့ဖူးသည်ဟု အာစင်ဝင်းဂါး အသိပေး

လန်ဒန်၊ မေ ၁၇

အာဆင်နယ်အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သော နည်းပြ အာစင်ဝင်းဂါးသည် မက်ဆီကိုခေါ်ယူနိုင်ရန် လွန်စွာ နီးစပ်သောအခြေအနေတစ်ရပ်ကို ၎င်းအနေနှင့် ရရှိပိုင်ဆိုင်ခဲ့ဖူးသော်လည်း ကစားသမားဖြစ်သူ၏အေးဂျင့်နှင့် ဘာစီလိုနာအသင်းဘက်က မက်ဆီကို လက်မလွှတ်လိုဘဲ ရှိနေခဲ့ခြင်းကြောင့် အဆုံးသတ်တွင် အောင်မြင်မှု မရခဲ့ခြင်းဖြစ်သည်ဟု အသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

အာဆင်နယ်သည် ၂၀၀၃ ခုနှစ်၌ ဘာစီလိုနာလူငယ်အကယ်ဒမီသင်တန်းသား သုံးဦးကို အသင်းထံသို့ခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်ခဲ့ပြီး ယင်းကစားသမားများမှာ ပီကေး၊ မက်ဆီနှင့် ဖာဘရီဂတ်စ်တို့ဖြစ်သည်ဟု အာစင်ဝင်းဂါးက ရှင်းပြသွားခဲ့သည်။

အာစင်ဝင်းဂါးသည် မက်ဆီ၊ ဖာဘရီဂတ်စ်နှင့် ပီကေးတို့ သုံးဦးမှာ အလားအလာကောင်းများကို ပိုင်ဆိုင်ထားသည့် လူငယ်ကစားသမားများဖြစ်သည်ကို ၎င်းအနေနှင့် ယင်းအချိန်ကတည်းက အကဲခတ်မိခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး အမှန်တကယ် ခေါ်ယူရန်ကြိုးပမ်းချိန်တွင်မူ အခြေအနေအရပ်ရပ်ကြောင့် မက်ဆီနှင့် ပီကေးတို့က အာဆင်နယ်ထံသို့ ရောက်မလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောကြားသွားခဲ့သည်။

အာစင်ဝင်းဂါးသည် ယင်းအချိန်က မက်ဆီ၊ ဖာဘရီဂတ်စ်နှင့် ပီကေးတို့၏ခြေစွမ်းကို အကဲခတ်ရန်အတွက် ဘာစီလိုနာအသင်းပိုင် လာမာစီယာအကယ်ဒမီထံသို့ ကင်းထောက်များ အဆက်မပြတ် စေလွှတ်ခဲ့ဖူးပြီး အာဆင်နယ်ဘက်က မက်ဆီအတွက် ချဉ်းကပ်နိုင်သည့်နည်းလမ်းအားလုံးကို ဘာစီလိုနာက တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် အဆုံးသတ်တွင် မက်ဆီကိုခေါ်ယူနိုင်ရေးအား လက်လျှော့လိုက်ရခြင်းဖြစ်သည်ဟု အာစင်ဝင်းဂါးက မှတ်ချက်ပေးသွားခဲ့သည်။

အာဆင်နယ်အသင်းပိုင် အာဆင်နယ်တီဗီနှင့်တွေ့ဆုံခဲ့ရာတွင် “၂၀၀၃ ခုနှစ်တုန်းက မက်ဆီ၊ ပီကေးနဲ့ ဖာဘရီဂတ်စ်တို့သုံးယောက်ကို အသင်းဆီခေါ်ယူဖို့ ကျွန်တော် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဖာဘရီဂတ်စ်တစ်ယောက်တည်းပဲ ကျွန်တော်တို့ဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ပီကေးအပြောင်းအရွှေ့က အေးဂျင့်တွေနဲ့ စပွန်ဆာကုမ္ပဏီတွေကြောင့် အဆင်မပြေဖြစ်ခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက မန်ယူနဲ့စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့ နီကီက ပီကေးကို မန်ယူဆီ ပြောင်းဖို့ အစွမ်းကုန် နားချသွားခဲ့ပါတယ်။ မက်ဆီကိုခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားတစ်ရပ်ဆီကို ကျွန်တော်တို့ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက အစွမ်းကုန် တားမြစ်ခဲ့လို့ အဆုံးသတ်မှာ အပြောင်းအရွှေ့က အထမမြောက်နိုင် ဖြစ်သွားခဲ့ရတာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US