News

POST TAGGED AS

FOURTH SUBSTITUTION

26-Feb-2018

Soccer UEFA Fourth Substitution
ဘောလုံးပွဲများတွင် ကစားသမားလေးဦးအထိ လူစားလဲခွင့်ပေးမည့်ဥပဒေကို ပြဌာန်းရန် ယူအီးအက်ဖ်အေ စီစဉ်

မိုနာကို၊ ဖေဖော်ဝါရီ ၂၆

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ၎င်းတို့၏လက်အောက်ရှိ ပြိုင်ပွဲများတွင် ကစားသမားလေးဦးအထိ လူစားလဲခွင့်ပေးမည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ပြဌာန်းရန် စီစဉ်နေပြီဖြစ်ကာ ယင်းဥပဒေမှာ ကစားသမားများ၏အလုပ်ဝန်ပိမှုကို အတိုင်းအတာတစ်ရပ်အထိ ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ၎င်းတို့အနေနှင့် မျှော်လင့်ထားကြောင်းလည်း ယူအီးအက်ဖ်အေက အသိပေးထားသည်ဟု Daily Star က ဖော်ပြထားသည်။

ယူအီးအက်ဖ်အေသည် ကစားသမားလေးဦးအထိ လူစားလဲလှယ်ခွင့်ပေးအပ်သည့်စနစ်ကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အမျိုးသမီး ဥရောပချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ယူ-၁၉ အမျိုးသမီး ဥရောပချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲနှင့် ၂၀၁၇ ခုနှစ် ယူ-၂၁ အမျိုးသား ဥရောပချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတို့တွင် ထည့်သွင်းစမ်းသပ်ခဲ့ပြီးဖြစ်ကာ မော်ဒန်ခေတ်ဘောလုံးလောကတွင် ကစားသမားများကို တတ်နိုင်စွမ်းသရွေ့ အကာအကွယ်ပေးရန် လိုအပ်လာခဲ့ပြီဖြစ်၍ ယခုဥပဒေသစ်ကို အသက်သွင်းရန် ပြင်ဆင်ဆောင်ရွက်လိုက်ရခြင်းဖြစ်ကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖီရင်ကလည်း ရှင်းပြထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆီဖီရင်က “မော်ဒန်ခေတ်ဘောလုံးလောကဟာ ကစားသမားတွေအတွက် စိန်ခေါ်မှုပြင်းထန်လှပါတယ်။ ပွဲဆက်များပြားမှုဟာ ကစားသမားတွေကို အရမ်းပဲ ဒဏ်ပိလွန်းစေတာ အသိသာကြီးပါပဲ။ ပွဲဆက်များလွန်းမှုက အဆုံးသတ်မှာ ကြီးမားတဲ့ဒဏ်ရာပြဿနာတွေကို ဖြစ်ပေါ်စေတတ်တာကြောင့် ကစားသမားလေးဦးအထိ လူစားလဲလှယ်ခွင့်ပေးမယ့်ဥပဒေကို မိတ်ဆက်ဖို့ စီစဉ်လိုက်တာပါ”ဟု ပြောကြားသွားခဲ့သည်။

လက်ရှိတွင် အချို့သောဥရောပနိုင်ငံများ၌ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်များက ၎င်းတို့၏တစ်သီးပုဂ္ဂလ အစီအစဉ်များဖြင့် ကစားသမားလေးဦး လူစားလဲလှယ်ခွင့်ပေးသည့် အစီအစဉ်ကို စမ်းသပ်နေကြပြီဖြစ်ပြီး ယင်းစနစ်ကို ရှုံးထွက်ဖလားပြိုင်ပွဲများတွင် အချိန်ပိုယှဉ်ပြိုင်ကစားရသည့်ပွဲစဉ်များ၌ နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်များက အသုံးပြုခွင့် ပေးအပ်ထားခြင်းဖြစ်သည်။

ရှုံးထွက်ဖလားပြိုင်ပွဲဝင်အသင်းများသည် သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း၌ ကစားသမား သုံးဦး လူစားလဲလှယ်ခွင့်ရှိကြပြီး အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရသည့်အခြေအနေတွင်မူ အချိန်ပို၌ ကစားသမားတစ်ဦး ထပ်တိုးလူစားလဲလှယ်ခွင့် ရရှိကြကာ ယူအီးအက်ဖ်အေကမူ ကစားသမားလေးဦးကို မည်သို့သောပုံစံမျိုးဖြင့် လူစားလဲခွင့်ပေးမည်ဆိုခြင်းအား အသေးစိတ်ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။




FOLLOW US