News

30-Apr-2018

Liverpool Soccer Firmino EPL
ဖာမင်ညိုကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လီဗာပူး လက်မှတ်ရေးထိုး

လီဗာပူး၊ ဧပြီ ၃၀

လီဗာပူးအသင်းသည် အသင်းတိုက်စစ်မှူး ဖာမင်ညိုကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်နိုင်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ဖာမင်ညိုမှာ လီဗာပူးထံတွင် ၂၀၂၃ ခုနှစ်တိုင်သည်အထိ ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူးသည် စာချုပ်သစ်တွင် ဖာမင်ညို၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင် ၁၈၅,၀၀၀ အထိ တိုးမြှင့်ပေးလိုက်ပြီး ယခုမတိုင်မီ ချုပ်ဆိုထားခဲ့သော စာချုပ်ဟောင်း၌ ဖာမင်ညို ရရှိခဲ့သော လုပ်ခလစာမှာ ပေါင် ၁၂၀,၀၀၀ သာ ရှိခဲ့သည်။

လီဗာပူးသည် ဖာမင်ညိုကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ကစားသမားဖြစ်သူ၏အကျိုးဆောင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေခဲ့ခြင်းဖြစ်ပြီး အနာဂတ်အတွက် အရေးပါသည့် ကစားသမားတစ်ဦးကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်လိုက်သည့်အတွက် လွန်စွာ ကျေနပ်မိပါကြောင်း ဖာမင်ညိုကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့အပြီးတွင် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ဖာမင်ညိုသည် လက်ရှိဘောလုံးရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၄၈ ပွဲ ပါဝင်ကစားပေးခွင့် ရရှိခဲ့ရာတွင် သွင်းဂိုးပေါင်း ၂၇ ဂိုး ရယူပေးနိုင်ခဲ့ပြီး ဖာမင်ညိုကို စာချုပ်သစ်ချုပ်ဆိုလိုက်နိုင်အပြီးတွင် ဆာလားဟ်ကို စာချုပ်သစ်ချုပ်နိုင်ရေးအတွက် လီဗာပူးက ဆက်လက် စီစဉ်နေပြီလည်းဖြစ်သည်။

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဆာလားဟ်ကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီး လီဗာပူးအသင်းတာဝန်ရှိသူများကမူ ပေါင်သန်း ၂၀၀ ပမာဏရှိ ပြောင်းရွှေ့ကြေးမျိုး ရရှိခဲ့သည့်တိုင် ဆာလားဟ်ကို လက်လွှတ်ခံမည်မဟုတ်ဟု အတိအလင်း ပြောကြားထားသည်။






FOLLOW US