News

28-Jan-2018

Australia Tennis Federer
ဂရင်းဆလင်းဆုပေါင်း ၂၀ ရယူနိုင်သည့် ပထမဆုံး အမျိုးသားတင်းနစ်ကစားသမားအဖြစ် ဖက်ဒါရာ စံချိန်တင်

မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၈

ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာသည် သြစတြေးလျနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် ခရိုအေးရှားတင်းနစ်ကစားသမား မာရင်ချီလစ်ကို အဆုံးအဖြတ် ပွဲလတ်တိုင်သည်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ယူဗိုလ်စွဲသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖက်ဒါရာသည် ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း သြစတြေးလျအိုးပင်း ဂရင်းဆလင်းချန်ပီယံဆုကို ခြောက်ကြိမ်မြောက်အဖြစ် ဆွတ်ခူးရယူလိုက်နိုင်ခြင်းဖြစ်ပြီး ၎င်းမှာ လက်ရှိချန်ပီယံဘွဲ့ကို အောင်မြင်စွာကာကွယ်၍ ၂ နှစ်ဆက် ချန်ပီယံဖြစ်ခွင့် ရသွားခြင်းလည်းဖြစ်သည်။

ကမ္ဘာ့အဆင့်နှစ်နေရာတွင် ရပ်တည်နေသည့် ဖက်ဒါရာသည် ချီလစ်ကို ပွဲချိန် သုံးနာရီနှင့် သုံးမိနစ်ကြာ ယှဉ်ပြိုင်ပြီးသည့်နောက်တွင်မှ ၆-၂၊ ၆-၇၊ ၆-၃၊ ၃-၆၊ ၆-၁ ဖြင့် အနိုင်ရလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ဖက်ဒါရာ၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက် ဂရင်းဆလင်းချန်ပီယံဖြစ်မှုမှာ အကြိမ် ၂၀ ရှိသွားခဲ့ပြီဖြစ်သည်။

ဖက်ဒါရာသည် သြစတြေးလျအိုပင်းတင်းနစ်ပြိုင်ပွဲတွင် ခြောက်ကြိမ်၊ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် တစ်ကြိမ်၊ ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ရှစ်ကြိမ်၊ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ငါးကြိမ် ချန်ပီယံဖြစ်ကာ ဂရင်းဆလင်းချန်ပီယံဆုပေါင်း ၂၀ ပြည့်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ သမိုင်းကြောင်းတစ်လျှောက်တွင် ဂရင်းဆလင်းချန်ပီယံဆု ၂၀ ရယူနိုင်သည့် ပထမဆုံး အမျိုးသားတင်းနစ်ကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားနိုင်ခဲ့ပြီဖြစ်သည်။

ဖက်ဒါရာမတိုင်မီတွင် ဂရင်းဆလင်းချန်ပီယံဆု ၂၀ ရယူနိုင်သည့် တင်းနစ်ကစားသမားများမှာ အမျိုးသမီးတင်းနစ်မယ်များအနက်မှနေ၍သာ ထွက်ပေါ်ခဲ့ပြီး ယင်းတင်းနစ်မယ်များမှာ သြစတြေးလျတင်းနစ်မယ် မာဂရက်ကုတ်၊ ဂျာမနီတင်းနစ်မယ် စတက်ဖီဂရပ်ဖ်နှင့် အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံတို့ ဖြစ်ကြသည်။




FOLLOW US