News

03-Jun-2018

Liverpool Soccer Premier League Lyon Fakir
အပြောင်းအရွှေ့ နောက်ဆုံးအဆင့်ကို လီဗာပူးနှင့်ဆွေးနွေးရန် ဖာကီရာ၏အေးဂျင့်ဖြစ်သူ အင်္ဂလန်သို့ လာရောက်

လီဗာပူး၊ ဇွန် ၃

လိုင်ယွန်တိုက်စစ်မှူး ဖာကီရာ၏အေးဂျင့်ဖြစ်သူသည် လက်ရှိတွင် ဖာကီရာ၏အပြောင်းအရွှေ့နှင့်သက်ဆိုင်သည့် နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို ဆောင်ရွက်ရန်အတွက် လီဗာပူးအသင်းအခြေစိုက်ရာ အင်္ဂလန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ဖာကီရာကို အသင်းကစားသမားအဖြစ် စာချုပ်ချုပ်ဆိုလိုက်နိုင်ရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဖာကီရာအပြောင်းအရွှေ့အတွက် လီဗာပူးနှင့် လိုင်ယွန်တို့အကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၇၀ ဖြင့် သဘောတူညီမှုရထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ဖာကီရာ၏အေးဂျင့်ဖြစ်သူ ဂျင်းန်ပီရာရေး ဘားနက်စ်မှာ ၎င်း၏ကစားသမားဖြစ်သူအတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဆွေးနွေးပေးရန် အင်္ဂလန်သို့ ရောက်နေခြင်းပင်ဖြစ်သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၂၀ ဖြင့် ရောင်းထုတ်လိုက်သည့် ကော်တင်ညို၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ဖာကီရာကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး အကယ်၍ အပြောင်းအရွှေ့ဆိုင်ရာ အချက်အလက်များအားလုံးကို အလျင်အမြန်ဖြင့် အပြီးအပြတ် သဘောတူညီမှု ရလိုက်မည်ဆိုပါက လာမည့်သီတင်းပတ်အတွင်း၌ပင် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများခံယူရန် လီဗာပူးထံသို့ ဖာကီရာက ရောက်လာဖွယ်ရှိနေသည်။

လီဗာပူးသည် ဖာကီရာမတိုင်မီတွင် လိုက်ပ်ဇစ်ဂ်ျကွင်းလယ်လူ နာဘီကီတာနှင့် မိုနာကိုကွင်းလယ်လူ ဖာဘင်ညိုတို့ကို ခေါ်ယူရရှိထားပြီးဖြစ်ကာ ဆက်လက်၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၉၀ ခန့်ဖြင့် ရရှိနိုင်မည်ဆိုပါက ဘာစီလိုနာထံတွင် အထိုင်မကျနိုင်ဖြစ်နေသော ဒမ်ဘီလီကို ခေါ်ယူရန် နည်းပြ ဂျာဂင်ကလော့ပ်က စိတ်အားထက်သန်လျက်ရှိသည်။




FOLLOW US