News

17-Feb-2018

Arsenal Ligue Lyon Fakir
ဖာကီရာကို ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် အရခေါ်ယူပေးရန် အာစင်ဝင်းဂါး တိုက်တွန်း

လန်ဒန်၊ ဖေဖော်ဝါရီ ၁၇

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမား ဖာကီရာကို လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီတွင် အရခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုလိုက်ပြီဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိ ဖာကီရာကိုခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်း သုံးစွဲရန် အာစင်ဝင်းဂါးက ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။

လိုင်ယွန်အသင်းတာဝန်ရှိသူများသည် ၎င်းတို့အနေနှင့် ဖာကီရာကိုရောင်းထုတ်ရန် အစီအစဉ်လုံးဝမရှိပါကြောင်း အသိပေးထားသော်လည်း ကာယကံရှင်ကစားသမားဖြစ်သူကမူ လာမည့်နွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကြီးတစ်သင်းထံသို့ ပြောင်းရွှေ့ကစားခွင့်ရနိုင်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပြီး ၎င်း၏ခြေစွမ်းမှာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် အသင့်အနေအထားတွင်ရှိနေပြီဟုလည်း ဖာကီရာက ခံယူထားသည်။

ဖာကီရာသည် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ရာ၌ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သော ဂျော်ကပ်ဖ်နှင့်နှိုင်းယှဉ်ခြင်းခံထားရသူဖြစ်ပြီး လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ဖာကီရာခြေစွမ်းပြနိုင်ခဲ့မည်ဆိုပါက ၎င်း၏တန်ကြေးမြင့်တက်သွားမည်ကို စိုးရိမ်သည့်အတွက် ပြိုင်ပွဲမစတင်မီတွင် ၎င်းကို အရခေါ်ယူပေးပါရန် နည်းပြအာစင်ဝင်းဂါးက တိုက်တွန်းတောင်းဆိုနေခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်း၏ပြင်သစ်နိုင်ငံဆိုင်ရာကစားသမားကင်းထောက်ဖြစ်သူ ဂရီမန်ဒီကို ဖာကီရာ၏ခြေစွမ်အား အပတ်စဉ်သွားရောက်အကဲခတ်ခိုင်းထားပြီး ဂရီမန်ဒီကလည်း ဖာကီရာမှာ အာဆင်နယ်နှင့် အံဝင်သည့်ကစားသမားအဖြစ် ထောက်ခံချက်ပေးအပ်ထားပြီဖြစ်သည်။

အာဆင်နယ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ၀က်စ်ဘရွန်းခံစစ်မှူး အီဗန်စ်ကို အရခေါ်ယူရန်လည်း စီစဉ်နေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၃ သန်းရရှိမည်ဆိုပါက ၀က်စ်ဘရွန်းမှာ အီဗန်စ်ကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။




FOLLOW US