News

ဖာဘင်ညိုအတွက် အခွင့်အရေးများ ရှိနေဆဲဟု ဂျာဂင်ကလော့ပ် အသိပေး၊ ပရီးမီးယားလိဂ်အကြောင်းကို သိရှိရန် လေ့လာနေရဆဲဖြစ်ကြောင်း ဖာဘင်ညို ၀န်ခံ

လီဗာပူး၊ သြဂုတ် ၂၆

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းအနေနှင့် ကွင်းလယ်ကစားသမား ဖာဘင်ညိုကို ပွဲထွက်ကစားရန်အတွက် လုံလောက်သော အခွင့်အရေးများ စီစဉ်ပေးသွားမည်ဟု ဖွင့်ဟအသိပေးထားပြီး ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရောက်ရှိလာချိန်တွင် လိဂ်ကစားဟန်နှင့်အသားကျရန် ရုန်းကန်ရသည်မှာ ဖာဘင်ညိုတစ်ယောက်တည်း မဟုတ်ဘဲ ကစားသမားတိုင်းပင်ဖြစ်သည်ဟုလည်း ဂျာဂင်ကလော့ပ်က အားပေးစကားပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

ဂျာဂင်ကလော့ပ်သည် လီဗာပူးက ၀က်စ်ဟမ်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်တွင် ဖာဘင်ညိုကို အရန်ကစားသမားစာရင်း၌ ထည့်သွင်းခေါ်ယူလာခဲ့သော်လည်း အသုံးပြုခဲ့ခြင်း မရှိဘဲ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်တို့နှင့် ယှဉ်ပြိုင်သည့်ပွဲများတွင်မူ အသင်းလူစာရင်း၌ပင် မပါရှိတော့သည်အထိ ဖာဘင်ညိုမှာ အခြေအနေ ဆိုးရွားသွားခဲ့ရသည်။

ကာယကံရှင် ဖာဘင်ညိုကိုယ်တိုင်ကလည်း ၎င်းအနေနှင့် ပရီးမီးယားလိဂ်ကစားဟန်ကို နားလည်ရန် လိုအပ်ချက်များရှိနေကြောင်း ဖွင့်ဟ၀န်ခံထားပြီး လက်ရှိအချိန်တွင် ဖာဘင်ညိုကို ပွဲထွက်ကစားခိုင်းမည်ဆိုပါက ကစားသမားဖြစ်သူ၏စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက်များ ပျက်ယွင်းသွားနိုင်ခြေရှိ၍ အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရွေးချယ်ထားခြင်းဖြစ်သည်ဟု ဂျာဂင်ကလော့ပ်က ရှင်းပြထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျာဂင်ကလော့ပ်က “ဖာဘင်ညိုဟာ လီဗာပူးရဲ့ကစားဟန်ကိုရော ပရီးမီးယားလိဂ်အကြောင်းကိုရော နားလည်ဖို့ လိုအပ်နေပါသေးတယ်။ မိုနာကိုရဲ့ကစားဟန်နဲ့ လီဗာပူးရဲ့ကစားဟန်အကြား ကြီးမားကျယ်ပြန့်တဲ့ ကွာဟချက်တွေရှိနေတာကြောင့် သူအခက်တွေ့နေရတာပါ။ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ အချိန်အတိုင်းအတာတစ်ရပ် လိုပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကို ကျော်ဖြတ်ပြီးရင် သူ့အတွက် ပွဲထွက်ကစားခွင့်တွေ ရောက်လာမှာပါ။ ဖာဘင်ညိုအတွက် အခွင့်အရေးအားလုံး ရှိနေဆဲပဲဆိုတာကို ကျွန်တော် အပြည့်အ၀ အာမခံပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US