News

လီဗာပူး ဖိအားအောက် ရောက်သွားသည်ကို မော်ရင်ညို မြင်တွေ့လိုလျက်ရှိကြောင်း ဂျာဂင်ကလော့ပ် ဝေဖန်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၈

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် မန်ယူနည်းပြ မော်ရင်ညိုမှာ ဘောလုံးရာသီသစ် မစတင်မီကတည်းကပင် လီဗာပူးအသင်း ဖိအားအောက်ရောက်သွားသည်ကို မြင်တွေ့လိုလျက်ရှိသည်ဟု ဝေဖန်ပြောကြားလိုက်ပြီး မော်ရင်ညို၏စိတ်ဓာတ်စစ်ဆင်ရေးစကားများကို နားမယောင်ရန်လည်း အသင်းကစားသမားများကို ဂျာဂင်ကလော့ပ်က သတိပေးထားသေးကြောင်း The Mirror က ဖော်ပြထားသည်။

မော်ရင်ညိုသည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း လီဗာပူးအသင်း၏ကစားသမားအင်အားဖြည့်တင်းထားမှုအရ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်သည်အထိ ဖြစ်လာလိမ့်မည်ဟု ပြောကြားထားပြီး လီဗာပူးမှာ ဂိုးသမား အယ်လ်လီဆန်၊ ကွင်းလယ်ကစားသမားများဖြစ်ကြသော ဖာဘင်ညို၊ နာဘီကီတာနှင့် ရှာကွီရီတို့ကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် ၁၇၇ သန်း အသုံးပြုလိုက်ရသည်။

လီဗာပူးသည် လွန်ခဲ့သည့် ၁၂ လအတွင်း ကစားသမားသစ်များ ခေါ်ယူစုစည်းရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၅၀ အသုံးပြုခဲ့ပြီး လွန်ခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ကော်တင်ညိုကို ဘာစီလိုနာထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၄၂ သန်းဖြင့် ရောင်းထုတ်လိုက်နိုင်ခြင်းကြောင့် အသင်း၏ဘဏ္ဍာမျှခြေမှာ တည်ငြိမ်နေဆဲဖြစ်သည်ဟု လီဗာပူးအသင်းကလည်း ကြေညာချက်ထုတ်ပြန်ထားသည်။

ဂျာဂင်ကလော့ပ်သည် မော်ဒန်ခေတ်ဘောလုံးလောက၌ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်သည့်အချိန်တိုင်းတွင် အသင်းအားလုံးက ကစားသမားသစ်များခေါ်ယူကာ စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်နေကြသည့်အတွက် ၎င်းတို့အနေနှင့် အိပ်ပျော်နေပါက နောက်တွင် ကျန်ရစ်ခဲ့လိမ့်မည်သာဖြစ်သည်ဟုလည်း မှတ်ချက်ပေးထားသေးသည်။




FOLLOW US