News

19-Jun-2018

မန္တလေး FDA
ဆေးလိပ်ပုံချိုချဉ်များ ဈေးကွက်မှသိမ်းဆည်း

မန္တလေး၊ ဇွန် ၁၉

နိုင်ငံခြားဖြစ်ဆေးလိပ်နှင့် ဆေးလိပ်ဘူးပုံစံ ထုပ်ပိုးထားသည့် ချိုချဉ်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) က ဈေးကွက်အတွင်းမှ သိမ်းဆည်းကာ ရောင်းချသည့်ဆိုင်ရှင်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့် သားသတ်ဌာနက ခံဝန်ထိုးခိုင်းခဲ့သည်။

ဆေးလိပ်ပုံစံချိုချဉ်များသည် ခွင့်မပြုဆိုးဆေး မပါဝင်သော်လည်း ထုပ်ပိုးမှုပုံစံသည် ဆေးလိပ်ဘူးအစစ်နှင့် ဆင်တူခြင်း၊ ယင်းချိုချဉ်ကို စားသုံးရာတွင် ဆေးလိပ်သောက်သည့်ပုံစံကို အတုခိုးနိုင်ခြင်းတို့ကြောင့်တားမြစ်ကာ သိမ်းဆည်းရခြင်းဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး)၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ရှင်းလင်းပြောကြားသည်။

“စားလို့ပြဿနာတက်တဲ့ဟာမျိုးတော့ မဟုတ်ဘူး။ ကလေးတွေရဲ့ Behavior Change (အပြုအမူပြောင်းလဲခြင်း) ကို Future (အနာဂတ်) အတွက် ရည်မှန်းပြီး စီမံခန့်ခွဲတဲ့အနေနဲ့ပိတ်တဲ့သဘောပါ” ဟု ၎င်းကပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့်သားသတ်ဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) မှ ဝန်ထမ်းများသည် ဇွန်လ ၁၈ ရက်က ဈေးချိုတော်ဧရိယာ၌ အစားအသောက် နမူနာများ ကောက်ယူရာမှ ဆိုင်တစ်ဆိုင်တွင် ဆေးလိပ်ပုံ ထုပ်ပိုးထားသော ချိုချဉ်များ ရောင်းချသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကာ ဆေးလိပ်ပုံစံ ချိုချဉ်ဘူး ၃၀ ပါ ၂၅ ကတ် (၇၅၀ ဘူး) ကို သိမ်းဆည်းခဲ့ပြီး ရောင်းချသည့်ဆိုင်ရှင်ကိုလည်း ဝန်ခံကတိ ထိုးခိုင်းခဲ့ခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။

“တစ်ခါတလေကျရင် Local (ပြည် တွင်း) မှာ တရုတ်တံဆိပ်နဲ့ ထုတ်တာမျိုးလည်းရှိတတ်တယ်။ Product က ဘယ်က Original ဆိုတာ လိုက်လို့မရသေးဘူး။ တရုတ်ကလာတာ ဖြစ်ဖို့များပါတယ်”ဟု ဒုညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောဆိုသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း ဆေးလိပ်ပုံစံ ချိုချဉ်ရောင်းချမှုကို ဈေးချိုတော်နှင့် မန္တလေးမြို့တော်အတွင်းရှိ ဈေးများအတွင်းမှ သိမ်းဆည်းခဲ့ဖူးကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) မှတ်တမ်းများအရ သိရသည်။

M-07



FOLLOW US