News

FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်အမှု မြို့နယ် တရားသူကြီး ၂ ဦးကို သက်သေအဖြစ်စစ်ဆေး



မန္တလေး၊ ဇွန် ၁


အဂတိလိုက်စားမှုဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်အမှုကို ယ​နေ့ လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးရာတွင် မြို့နယ် တရားသူကြီး ၂ ဦးကို တရားလိုပြသက်သေများအဖြစ် စစ်ဆေးခဲ့သည်။

လယ်ဝေးမြို့နယ် တရားသူကြီးနှင့် ဇမ္ဗူသီရိ မြို့နယ် တရားသူကြီးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးက သက်သေအဖြစ် တင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့် ပတ်သက်ပြီး
အဆောက်အအုံများ အရည်အသွေးပြည့်မီမှု မရှိခြင်း၊ ပြည့်သူ့ညဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲမှုများရှိနေကြောင်းနှင့် စစ်ဆေးပေးရန် တိုင်ကြားလာသည်အတွက် စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းထွဋ်သည် လုပ်ကိုင်ခွင့်အာဏာကို အသုံးပြုကာ ၎င်းပိုင်မြေကွက်များအတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အဂတိလိုက်စားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသန်းထွဋ်သည် ၎င်းပိုင်မြေကွက်များအတွင်း နေအိမ်ဆောက်လုပ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများတည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊
ရေကူးကန်များတည်ဆောက်ခြင်းတို့အတွက် လိုအပ်သည့် ကျပ်သိန်း ငါးရာကျော်တန်ဖိုးရှိ ပစ္စည်းများကို ဝန်ကြီးဌာနစီမံကိန်းအတွက် တင်ဒါအောင်ခဲ့သည့် ရဲတိုက်မြို့တော်ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများထံမှ တောင်းယူခြင်း၊ ဆောက်လုပ်ပေးခိုင်ခြင်းများပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုလုပ်ကာ နေပြည်တော်ကော်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ် ရဲစန်းတွင် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧပြီလ ၂၀ ရက်နေ့က တိုင်ကြားအမှုဖွင့်ခဲ့ကာ မန္တလေးတိုင်းတရားလွှတ်တော်တွင် ဧပြီလ ၂၈ ရက်နေ့က စတင်ကာ တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲမှုများနှင့်ပက်သက်ပြီး ဒေါက်တာသန်းထွဋ်က ၎င်းအနေဖြင့် လုပ်ကိုင်ခွင့်ရှိသူတစ်ဦးမဟုတ်ကြောင်းပြောဆိုထားပြီး၊ အဆောက်အအုံဆောက်လုပ်ထားသည်ဆိုသည့် မြေကွက် ၂ ခုမှာလည်း ၎င်း ပိုင်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

နောက်တစ်ကြိမ်ရုံးချိန်းကို လာမည့် ဇွန်လ ၈ ရက်နေ့တွင် ချိန်းဆိုထားသည်။

M-04




FOLLOW US