News

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု အငှားယာဉ်မောင်းကို စစ်ဆေး
ရန်ကုန်၊ မေ ၁၄

နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်းကို လူသတ်မုဒိမ်းကျင့်မှုဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို မေလ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ရာ ၎င်းက လုယက်သတ်ဖြတ် အဓမ္မပြုကျင့်မှုများ မပြုလုပ်ခဲ့ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။

အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက် ခရိုင်တရားသူကြီး (၄) တရားခွင်တွင် စစ်ဆေးနေသည့် ယင်းအမှုတွင် တရားစွဲဆိုခံရသူ မျိုးဇော်ဦး (ခ) ဆီဒိုးနားက FDA ဝန်ထမ်းအမျိုးသမီးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် ဖြောင့်ချက်ပေးခဲ့သည်မှာ ၎င်း၏ဆန္ဒမပါဘဲ ပေးခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းအမျိုးသမီးကို ဝက်အူလှည့်ဖြင့် ထိုးသတ်ခဲ့ခြင်းမှာလည်း မဟုတ်မှန်ကြောင်း တရားသူကြီး၏မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

“စွဲချက်တင် အစစ်ဆေးခံရတဲ့ တရားခံကို တရားရုံးရဲ့ ရာဇဝတ်ကျင့်ထုံးပါ အချက်အလက်တွေကို ရှင်းပြပြီး သူ့ကို တရားခံအနေနဲ့ အစစ်ဆေးခံမလား။ သက်သေအဖြစ်နဲ့ အစစ်ခံမလား မေးတော့ တရားခံဘက်က လိုက်ပါဆောင်ရွက်တဲ့ရှေ့နေက သူ့အမှုသည်ကို တရားခံကဲ့သို့ အစစ်ခံမယ်လို့ တင်ပြလာတယ်။ တရားခံအနေနဲ့ အစစ်ဆေးခံမယ်ဆို ကျမ်းကိုင်စရာမလိုဘူး။ တရားသူကြီး မေးမြန်းတာကိုသာ ပြန်လည်ဖြေကြားရမှာပါ”ဟု ယင်းအမှုကိုစစ်ဆေးနေသည့် တရားသူကြီးက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

တရားသူကြီးက သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင် အစစ်ဆေးခံနေရသော အငှားယာဉ်မောင်း မျိုးဇော်ဦးကို သေဆုံးသူ မရွှေရည်ဝင်းထံမှ ပလက်တီနမ်ဆွဲကြိုးကို လုယက်ခြင်း၊ လည်ပင်းကို ဝက်အူလှည့်ဖြင့် ထိုးသတ်ခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း၊ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ဆံခြင်းများ ကျူးလွန်ခဲ့ကြောင်း ဟုတ်မဟုတ် မေးမြန်းရာ မျိုးဇော်ဦးက ၎င်းမပြုလုပ်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သော်လည်း သေဆုံးသူ၏ ပလက်တီနမ်ဆွဲကြိုးကို တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးရှိ ရတနာဆိုင်တစ်ဆိုင်တွင် ရောင်းချခဲ့ကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သည်။

“ဒီနေ့က မျိုးဇော်ဦးရဲ့ ဦးလေးဖြစ်သူကို ခံပြသက်သေအဖြစ် စစ်ဆေးရမှာ။ ဒါပေမဲ့ မျိုးဇော်ဦးကို စစ်ဆေးနေချိန်မှာ သူ့ဦးလေးက တရားခွင်ထဲ ရောက်လာတယ်။ သက်သေအဖြစ် အစစ်ဆေးခံရမယ့်သူက တရားခွင်ထဲ ဝင်ရောက်ခွင့်မရှိတာမို့ သူ့ကို ခံပြသက်သေအဖြစ်ကနေ မစစ်ဆေးဖြစ်တော့ပဲ ပယ်ချလိုက်တယ်။ ဒါကြောင့် လာမယ့်ရုံးချိန်းမှာ မျိုးဇော်ဦးရဲ့ အိမ်နီးချင်းတစ်ဦးနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးတို့ကို ခံပြသက်သေအဖြစ် ဆက်လက်စစ်ဆေးသွားမှာပါ”ဟု တရားစွဲဆို ခံရသူဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါ တရားစွဲဆိုစစ်ဆေးနေသည့်အမှုကို လာမည့် မေလ ၂၁ ရက်တွင် ဆက်လက်စစ်ဆေးရန် တရားသူကြီးက ရက်သတ်မှတ်ပေးခဲ့ပြီး ယင်းအမှုမှာ ယခုနှစ် ဇန်နဝါရီလ ၂၁ ရက် ည ၇ နာရီက လှည်းတန်းမှ ဒဂုံမြို့နယ်ရှိ နေအိမ်သို့ မျိုးဇော်ဦးမောင်းနှင်သည့် အငှားယာဉ်ကို နှစ်ထောင့်ငါးရာကျပ်ဖြင့် ငှားရမ်းစီးခဲ့သည့် FDA ဝန်ထမ်း မရွှေရည်ဝင်းကို လူသတ်မုဒိမ်းကျင့် ပစ္စည်းလုယူပြီး ငမိုးရိပ်ချောင်းစပ်တွင် အလောင်းစွန့်ပစ်ခံရသည့် အမှုဖြစ်သည်။

သေဆုံးသူ မရွှေရည်ဝင်းကို အငှားယာဉ်မောင်း မျိုးဇော်ဦးက ယာဉ်အတွင်း လေအေးပေးစက် ဖွင့်ပေးခ ကျပ်တစ်ထောင်ပိုပေးရန် တောင်းရာမှ နှစ်ဦးစကားများခဲ့ပြီး မျိုးဇော်ဦးက မရွှေရည်ဝင်း၏ လည်ပင်းကို ဝက်အူလှည့်ဖြင့်ထိုး၍ လည်ပင်းညှစ်ကာ အငှားယာဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၃၃ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းအနီးသို့ မောင်းနှင်ကာ အမျိုးသမီးကို မုဒိမ်းကျင့်၍ ဝတ်ဆင်ထားသည့် လက်ဝတ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတို့ကို ၎င်းက ယူဆောင်ကာ အလောင်းကို ချောင်းကူးတံတားအနီး သစ်ပင်အောက်တွင် စွန့်ပစ်ထားခဲ့ကြောင်း ဖမ်းဆီးခံရချိန်က ရဲတပ်ဖွဲ့ထံတွင် ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။

S-03




FOLLOW US