News

မုဒိမ်းကျင့် အသတ်ခံရသည်ဆိုသော FDA ဝန်ထမ်းအမျိုးသမီး၏ ခန္ဓာကိုယ်တွင် အမျိုးသားသုက်ပိုးမတွေ့ရှိဟု မှုခင်းဆရာဝန်က ထွက်ဆို
ရန်ကုန်၊ ဧပြီ ၂

FDA ဝန်ထမ်းအမျိုးသမီး မုဒိမ်းကျင့် အသတ်ခံရမှုနှင့်ပတ်သက်၍ ဧပြီလ ၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြသက်သေတွင် ပါဝင်သည့် မှုခင်းဆရာဝန်က သေဆုံးသူ၏ ခန္ဓာကိုယ်အတွင်း၌ အမျိုးသားသုက်ပိုးကို မတွေ့ရှိခဲ့ကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

အသတ်ခံရသည့် FDA ဝန်ထမ်း မရွှေရည်ဝင်းကို ရင်ခွဲစစ်ဆေးသည့်အခါတွင် မိန်းမကိုယ်နှင့် စအိုတို့တွင် ထိုးသွင်းဒဏ်ရာအချို့နှင့် သွေးခြည်ဥဒဏ်ရာများကို တွေ့ရှိခဲ့သော်လည်း အမျိုးသားသုက်ပိုး မတွေ့ခဲ့ကြောင်း၊ လည်ပင်းထိုးသွင်းဒဏ်ရာနှင့် လည်ပင်းညှစ်ခံရမှုတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှ မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။ 

“ဒီနေ့ရုံးချိန်းမှာ သေဆုံးသူ မရွှေရည်ဝင်းကို ရင်ခွဲစစ်ဆေးထားတဲ့ ရလဒ်တွေကို မှုခင်းဆရာဝန်က ဆေးစာအဖြေအရ ထွက်ဆိုသွားတယ်။ ထွက်ဆိုချက်တွေအရဆို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲချက်က သိပ်မခိုင်မာတော့ဘူး။ ဆရာဝန်ကြီးကို မေးခွန်းမေးတော့ သူက တရားရုံးက ဆုံးဖြတ်ပေးလိမ့်မယ်လို့ပဲ ဖြေတယ်။ ဒါပေမဲ့ တရားစွဲဆိုခံရသူ မျိုးဇော်ဦးက လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့အချက်က ဆေးစာအရ ခိုင်မာတယ်။ ထင်ရှားနေတယ်”ဟု တရားစွဲဆိုခံရသူဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ဧပြီလ ၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည့် အဆိုပါအမှုတွင် မှုခင်းဆရာဝန်အပါအဝင် တရားလိုပြသက်သေ လေးဦးကို စစ်ဆေးခဲ့ပြီး ကျန်လိုပြသက်သေများကို ဧပြီလ ၉ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် တရားသူကြီးက ရုံးချိန်းသတ်မှတ်ပေးခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။ 

လူသတ်မှု ပုဒ်မ ၃၀၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှု ပုဒ်မ ၃၉၄ တို့ဖြင့် တရားစွဲဆိုထားသော အငှားယာဉ်မောင်း မျိုးဇော်ဦးမှာ ယခုနှစ် ဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီဝန်းကျင်က လှည်းတန်းမှ ဒဂုံမြို့နယ်သို့ ကျပ်နှစ်ထောင့်ငါးရာဖြင့် ငှားရမ်းလိုက်ပို့ခိုင်းသည့် ခရီးသည်အမျိုးသမီးကို ယာဉ်အတွင်း လေအေးပေးစက်ဖွင့်ပေးထားသဖြင့် ကျပ်တစ်ထောင်ပိုပေးရန် တောင်းရာမှ နှစ်ဦးစကားများကာ ၎င်းက အမျိုးသမီး၏ လည်ပင်းကို ဝက်အူလှည့်ဖြင့်ထိုး၍ လည်ပင်းညှစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ယင်းနောက် အငှားယာဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းအနီးသို့ မောင်းနှင်ကာ ခရီးသည်အမျိုးသမီးကို မုဒိမ်းကျင့်၍ ဝတ်ဆင်ထားသော လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းတို့ကိုယူ၍ ရုပ်အလောင်းကို ချောင်းကမ်းစပ်အနီးတွင် စွန့်ပစ်ထားခဲ့ကြောင်း မျိုးဇော်ဦးက ဖမ်းဆီးခံရစဉ် ရဲတပ်ဖွဲ့ထံ၌ ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။

စွန့်ပစ်ထားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို ရပ်ကွက်နေသူများက တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် သေဆုံးသူ၏ ပျောက်ဆုံးနေသော လက်ကိုင်ဖုန်းကို ယုဇနပလာဇာရှိ ဖုန်းပြင်ဆိုင်တစ်ဆိုင်တွင် ဖုန်းဆော့ဖ်ဝဲလာထည့်သော အငှားယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။ ယင်းအမှုတွင် လိုပြသက်သေ ၂၆ ဦးကို စစ်ဆေးမည်ဖြစ်ပြီး လက်ရှိ လိုပြသက်သေ ၂၁ ဦး စစ်ဆေးထားပြီးဖြစ်ကာ တရားစွဲဆိုခံရသူ မျိုးဇော်ဦးဘက်ကလည်း သက်သေအဖြစ် ထွက်ဆိုမည့်သူ တစ်ဦးကို ရှာဖွေထားကြောင်း ၎င်း၏ ရှေ့နေဖြစ်သူထံမှ သိရသည်။

S-03



FOLLOW US