News

ဆေးကြောင်နေသည့် ခင်ပွန်းက ဇနီးနှင့်မယားပါသမီးကို ဓားဖြင့်ခုတ်သတ်


ကျိုင်းတုံ၊ မတ် ၂၉

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ပန်မောက်ရွာတွင် ဇနီးနှင့်မယားပါသမီးတို့ကို ဆေးကြောင်၍ ဓားဖြင့်ခုတ်သတ်ကာ ထွက်ပြေးသော အမျိုးသားကို မတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောသည်။ 

ကျူးလွန်သူမှာ ဘိန်းမည်းနှင့်အရက်ကို သုံးစွဲကာ စိတ်ပုံမှန်မရှိကြောင်း၊ လူသတ်မှုဖြစ်စဉ်မှာ မတ်လ ၂၆ ရက်ကဖြစ်ပွားပြီး မတ်လ ၂၈ ရက် ညပိုင်းမှ အသတ်ခံရသည်ကို သိခဲ့ကြောင်း၊ ကျူးလွန်သူကို အခြားရွာရှိ ၎င်း၏မိခင်အိမ်တွင် ပြန်လည်ဖမ်းမိကြောင်း ၎င်းက ဆိုသည်။ 

ပန်မောက်ရွာသူကြီး ဦးအိုက်ပလိတ်က “ကောင်လေးက ဆေးကြောင်နေလို့ ပထမအိမ်ထောင် ကောင်မလေးက ကြောက်ပြီးကွဲသွားတာ တစ်နှစ်မရှိသေးဘူး၊ အသတ်ခံရတဲ့ သမီးလေးက ပထမအိမ်ထောင်နဲ့ရတာပါ၊ သူတို့တွေ အိမ်အပြင်မထွက်တာ သုံးရက်လောက်ရှိပြီမို့ ရွာသားတွေနဲ့ သွားကြည့်တော့ ကြမ်းပြင်ကနေသွေးတွေကျနေတာတွေ့တဲ့အပြင် အိမ်ကသော့ခတ်ထားလို့ ဖျက်ဝင်ကြည့်မှ စောင်နဲ့အုပ်ထားတဲ့အလောင်းတွေ တွေ့တာ”ဟု ပြောကြားသည်။ 

သေဆုံးသူ မယေထ (၂၈ နှစ်) တွင် လည်ပင်းရှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်အပါအဝင် ဒဏ်ရာ ၆ ချက်ဖြင့်လည်းကောင်း၊ အသက် ၅ နှစ်အရွယ် မယေမိန်းသ၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့သောကြောင့် ကျူးလွန်သူ အားဖာ (ခ) အားရှို့ (၃၄ နှစ်) ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US