News

02-Dec-2017

မန္တလေး FDA
ဓာတုဆိုးဆေး မသုံးသည့် စားသောက်ကုန်ဆိုင်များကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရန် FDA စီစဉ်

မန္တလေး၊ နိုဝင်ဘာ ၃၀

ဈေးချိုတော်အတွင်းရှိ စားသောက် ကုန်အရောင်းဆိုင်များကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ဓာတုဆိုးဆေး သုံးထားသည့် စားသောက်ကုန်များ ရောင်းချခြင်း မရှိသည့်ဆိုင်များကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရန် စီစဉ်နေကြောင်း ယင်းဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

"ဒီလိုဆိုင်တွေက စားသုံးသူတွေအတွက် စိတ်ချယုံကြည်ထိုက်တဲ့ဆိုင်တွေ ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတဲ့ သဘောပေါ့။ အဲဒီလက်မှတ် ရထားတဲ့ဆိုင်တွေက  စားသုံးသူတွေရဲ့ ယုံကြည်မှုရမယ်။ စားသုံးသူတွေကလည်း အဲဒီဆိုင်တွေမှာ စိတ်ချ လက်ချ ဝယ်နိုင်မယ်"ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြားသည်။

ဈေးချိုတော်အတွင်းရှိ စားသောက်ကုန် ရောင်းချသည့်ဆိုင်များကို သုံးကြိမ်ခန့် ရှောင်တခင် စစ်ဆေးမည်ဖြစ်ကာ စစ်ဆေးသည့် အကြိမ်တိုင်း ဓာတုဆိုးဆေး အသုံးပြုထားခြင်း မရှိသည့် စားသောက်ကုန်များကိုသာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနတို့က အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ 

အသိအမှတ်ပြု လက်မှတ်ရပြီးသော ဆိုင်များကိုလည်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ရာ ဓာတုဆိုးဆေး အသုံးပြုထားသော အစားအသောက်များ တွေ့ရှိပါက အသိအမှတ်ပြုလက်မှတ် ပြန်သိမ်းကာ ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း ဒေါက်တာ ကျော်ကျော်က ထပ်လောင်း ပြောဆိုသည်။

"FDA အသိအမှတ်ပြုလက်မှတ် ရမယ်ဆိုရင် စားသုံးသူတွေအနေနဲ့ စိတ်ချ လက်ချ ဝယ်ယူ အသုံးပြုနိုင်ဖို့ အဆင်ပြေတာပေါ့။ ကျွန်တော်တို့ အနေနဲ့ကျတော့  ကိုယ့်ဆိုင်မှာတင်မယ့် ပစ္စည်းတွေက ဓာတု ဆေးသုံးထားလား မသုံးထားလားဆိုတာ မသိနိုင်ဘူး။ အဓိကတော့ ကုန်ထုတ်လုပ်သူတွေက FDA နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာပါ။ ဓာတုဆိုးဆေး သုံးတာတွေက ငါးပိတို့၊ မျှစ်တို့၊ လက်ဖက်တို့မှာ သုံးကြတာ များပါတယ်။ အပြင်ပိုင်း မှိုတက်တာကို မျက်စိနဲ့မြင်နိုင်လို့ စိစစ်လို့ရနိုင်တယ်လေ။ ကျွန်တော်တို့က ထုတ်လုပ်သူဆီကနေ ဝယ်ပြီး ပြန်ရောင်းရတာပါ။ FDA ကလည်း တစိုက်မတ်မတ်နဲ့ ကြီးကြပ်ပေးနေတော့ အဆင်ပြေမှာပါ"ဟု ဈေးချိုတော်အတွင်း စားသောက်ကုန် ရောင်းချသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ်မတိုင်မီ မန္တလေးဈေးချိုတော်ကို ဓာတုဆိုးဆေး ကင်းစင်ဈေးအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်နေသောကြောင့် စားသောက်ကုန် ရောင်းချသော လုပ်ငန်းရှင်များကို အသိပညာပေး ဆွေးနွေးခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကာ မန္တလေးမြို့ခံများအတွက် အသိပညာပေး လူထုလှုပ်ရှားမှု တစ်ခုကို ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်တွင်ပြုလုပ်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက စီစဉ်နေပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှမည်ဖြစ်သည်။

မန္တလေးမြို့ရှိ ဈေးများ၌ရောင်းချနေသော စားသောက်ကုန်များတွင် ဓာတု ဆိုးဆေး ကင်းစင်ရေးအတွက် ၂၀၁၆ ခုနှစ်ကစ၍ နမူနာ ကောက်ယူ စစ်ဆေးခဲ့ရာ ဓာတုဆိုးဆေး ပါဝင်မှုနှုန်း ယခုနှစ်သည် ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့ကျသွားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (မန္တလေးရုံးခွဲ) မှတ်တမ်းများအရ သိရသည်။

M-04



FOLLOW US