News

26-Mar-2018

Liverpool Soccer Firmino Holgate FA Cup
ဖာမင်ညိုကို အရေးမယူရန် အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆုံးဖြတ်

လီဗာပူး၊ မတ် ၂၅

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးက အဲဗာတန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင်ဖြစ်ပွားခဲ့သော လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုက အဲဗာတန်နောက်ခံလူ ဟိုးလ်ဂိတ်ကို လူမျိုးရေးခွဲခြားသည့်စကားရပ်များဖြင့် သုံးနှုန်းစော်ကားခဲ့သည့်ဖြစ်စဉ်ကို စစ်ဆေးမှုများဆောင်ရွက်အပြီးတွင် ဖာမင်ညို၌ အပြစ်မရှိဟုဆုံးဖြတ်လိုက်ကြောင်း Daily Maul က ဖော်ပြထားသည်။

ဖာမင်ညိုနှင့် ဟိုးလ်ဂိတ်တို့သည် ယင်းပွဲစဉ်တွင် ဘောလုံးယှဉ်လုသောအခြေအနေတစ်ရပ်၌ စကားအချေအတင်ဖြစ်ခဲ့ကြကာ ယင်းသို့စကားအချေအတင်ဖြစ်ရာတွင် ဖာမင်ညိုက ဟိုးလ်ဂိတ်ကို လူမျိုးရေးခွဲခြားသည့်စကားရပ်များဖြင့် စော်ကားထိုးနှက်ခဲ့သည်ဟု သံသယဖြစ်ဖွယ်ရာများ တွေ့ရှိရသည့်အတွက် အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဖာမင်ညိုကို စွဲချက်တင်စစ်ဆေးလိုက်ခြင်းဖြစ်သည်။

အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ တာဝန်ကျဒိုင်လူကြီးများ၊ ဖြစ်စဉ်အနီးတွင်ရှိနေခဲ့သော ကစားသမားများအပါအ၀င် လူပုဂ္ဂိုလ် ၁၂ ဦးကို စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ဖာမင်ညိုကို အရေးယူရန် မလိုအပ်ဟု ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ပြီး ယခုကိစ္စရပ်ကို ကူညီဖြေရှင်းပေးခဲ့သူများအနက်တွင် ဘရာဇီးနှင့် ပေါ်တူဂီဘာသာစကား ကျွမ်းကျင်သူများလည်း ပါဝင်ကြောင်း အက်ဖ်အေက သတင်းထုတ်ပြန်ထားသည်။

အက်ဖ်အေက ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် “ဒီကိစ္စကို သက်သေအစုံအလင် ခေါ်ယူစစ်ဆေးပြီးတဲ့နောက်မှာ ဖာမင်ညိုက အရေးယူစရာမလိုဘူးလို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။ ဘရာဇီးနဲ့ ပေါ်တူဂီဘာသာစကားကျွမ်းကျင်သူတွေကိုပါခေါ်ယူပြီး ပြဿနာကို အဖြေရှာခဲ့တာပါ။ အခုတော့ ဖာမင်ညိုက ဟိုးလ်ဂိတ်ကို စကားအချို့နဲ့ စိတ်လိုက်မာန်ပါ တုံ့ပြန်ခဲ့ပေမယ့် အဲ့ဒီစကားတွေထဲမှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်း မပါခဲ့ကြောင်းကို ကျွန်တော်တို့ အဖြေထုတ်နိုင်ခဲ့ပါပြီ။ နှုတ်ခမ်းလှုပ်ရှားပုံကိုကြည့်ပြီး ဘယ်လိုစကားမျိုးကို ပြောလိုက်တယ်ဆိုတာ နားလည်သဘောပေါက်တဲ့ ပညာရှင်တွေကလည်း ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ အကူအညီအများကြီး ပေးအပ်ပံ့ပိုးခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US