News

04-Mar-2018

Liverpool Soccer Premier League Salah Firmino
ဖာမင်ညိုကိုစာချုပ်သစ် အမြန်လက်မှတ်ရေးထိုးရန် ကလော့ပ်တောင်းဆို၊ ကင်ဆာဝေဒနာရှင်ကလေးငယ်တစ်ဦးအတွက် ဆာလားဟ် ငွေလှူဒါန်း

လီဗာပူး၊ မတ် ၎

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် တိုက်စစ်မှူး ဖာမင်ညိုကို စာချုပ်သစ်တစ်ရပ် အမြန်ဆုံးလက်မှတ်ရေးထိုးပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် ဖာမင်ညိုကို ခေါ်ယူရန် ပြိုင်ဘက်ကလပ်များက စောင့်ကြည့်မှုများရှိလာခဲ့ပြီဖြစ်၍ စာချုပ်သစ်ချုပ်ဆိုထားနိုင်မှသာလျှင် စိတ်ချရလိမ့်မည်ဖြစ်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဖာမင်ညိုသည် လက်ရှိဘောလုံးရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုးပေါင်း ၂၂ ဂိုးအထိ ရယူပေးထားပြီဖြစ်ပြီး ဖာမင်ညို၏စွမ်းဆောင်ရည်မှာ ယခုထက်ပို၍ များစွာတိုးတက်လာလိမ့်ဦးမည်ဟု ၎င်းအနေနှင့် အခိုင်အမာ ယုံကြည်ထားကြောင်းလည်း ဂျာဂင်ကလော့ပ်က အသိပေးထားသည်။

ဖာမင်ညိုသည် လီဗာပူးတိုက်စစ်တွင် မာနေး၊ ဆာလားဟ်တို့နှင့် တွဲဖက်ညီစွာ ခြေစွမ်းပြနေခြင်းဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရေးမှာ အသင်းအတွက်သာမက ကစားသမားဖြစ်သူအတွက်လည်း အရေးကြီးကြောင်း၊ ဖာမင်ညိုမှာ စာချုပ်သစ်ချုပ်ဆိုရန် ထိုက်တန်သည့်ကစားသမားဖြစ်သည်ကို ၎င်း၏ခြေစွမ်းက သက်သေခံနေပြီးဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ဆက်လက်ပြောကြားသွားခဲ့သေးသည်။

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သည် ၎င်း၏မွေးရပ်မြေ အီဂျစ်နိုင်ငံတွင် ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရသည့် ကလေးငယ်တစ်ဦးကို ငွေလှူဒါန်းလိုက်ပြီဖြစ်ပြီး ၎င်းအနေနှင့် များမကြာမီတွင် အီဂျစ်နိုင်ငံသို့ ပြန်လည်သွားရောက်၍ ယင်းကလေးငယ်ကို တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်းလည်း ဆာလားဟ်က အသိပေးသွားခဲ့သည်။

ဆာလားဟ်သည် တန်တာမြို့တွင် နေထိုင်သည့် အက်ဒ်ဘဲလ်ရာမန် မာမွတ်အမည်ရ ကလေးငယ်လေးကို ရောဂါကုသရန်အတွက် ငွေလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းကလေးငယ်မှာ ရိုးတွင်းချဉ်ဆီကို အစားထိုးကုသမှုခံယူရန် လိုအပ်နေသူဖြစ်ကြောင်း အီဂျစ်သတင်းမီဒီယာများက ရေးသားထားသည်။




FOLLOW US