News

05-Feb-2018

Liverpool Soccer Everton Firmino Holgate FA Cup
လူမျိုးရေးခွဲခြားစော်ကားခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့ပါက ဖာမင်ညို ရှစ်ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိ

လီဗာပူး၊ ဖေဖော်ဝါရီ ၅

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုကို လူမျိုးရေးခွဲခြားစော်ကားသည့်ကိစ္စရပ်အတွက် စွဲချက်တင်သင့်၊ မတင်သင့်ကို ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး အကယ်၍ စွဲချက်တင်ခံလိုက်ရမည်ဆိုပါက ဖာမင်ညိုမှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ကဲ့သို့ ရှစ်ပွဲပြစ်ဒဏ် ကျခံရရန် နီးစပ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဖာမင်ညိုသည် လီဗာပူးက အဲဗာတန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားတတိယအဆင့် မာဆေးဆိုက်ဒါဘီပွဲစဉ်တွင် အဲဗာတန်နောက်ခံလူ မေဆန်ဟိုးလ်ဂိတ်ကို လူမျိုးရေးခွဲခြားသည့် စကားရပ်များဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ယင်းဖြစ်စဉ်ကို ဘာသာစကားပညာရှင်များ၊ နှုတ်ခမ်းလှုပ်ရှားသည်ကိုကြည့်၍ ပြောကြားသည့်စကားကို အဓိပ္ပါယ်ဖော်နိုင်သည့် ပညာရှင်များ၏အကူအညီဖြင့် အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက စစ်ဆေးလျက်ရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်သည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၌ မန်ယူနောက်ခံလူ အီဗရာကို လူမျိုးရေးခွဲခြားသည့် စကားရပ်များပြောကြားခဲ့ခြင်းကြောင့် ရှစ်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရဖူးပြီး ယင်းဖြစ်စဉ်ကို စစ်ဆေးရာတွင် ကွင်းလယ်ဒိုင်လူကြီး အန်ဒရေးမာရီနာ၊ စတုတ္ထဒိုင်လူကြီး ဖီးလ်ဒိုး၊ မန်ယူနည်းပြ ဖာဂူဆန်၊ မန်ယူကစားသမားများဖြစ်ကြသည့် ရွိုင်ယန်ဂစ်၊ ဗလင်စီယာ၊ ဟာနန်ဒက်ဇ်၊ နာနီနှင့် အန်ဒါဆန်တို့၏ပြောကြားချက်များကို ထည့်သွင်းစဉ်းစားခဲ့သကဲ့သို့ ယခုအဖြစ်အပျက်တွင်လည်း ဖြစ်စဉ်အနီးတွင်ရှိနေသူအားလုံးကို ၎င်းတို့ဘက်က သက်သေအဖြစ် ခေါ်ယူသွားမည်ဟု အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။

ဖာမင်ညိုနှင့် ဟိုးလ်ဂိတ်တို့သည် ဘောလုံးယှဉ်လုသည့်ဖြစ်စဉ်တစ်ခုတွင် အချေအတင်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကမူ ပွဲကစားနေချိန်အတွင်း စတုတ္ထဒိုင်လူကြီးဖြစ်သူက ၎င်းကို တစ်စုံတစ်ခု ပြောကြားခဲ့သော်လည်း ယင်းမှာ ဟိုးလ်ဂိတ်က ဖာမင်ညိုကို ပြစ်ဒဏ်ကျူးလွန်သည့်အကြောင်း ပြောကြားသည်ဟုသာ ထင်မှတ်မိခဲ့ကြောင်း၊ ပွဲပြီးမှသာ စတုတ္ထဒိုင်လူကြီးက ပြောကြားသည်မှာ ဖာမင်ညိုက ဟိုးလ်ဂိတ်ကို လူမျိုးရေးခွဲခြားသည်ဟု စွပ်စွဲသည့်အကြောင်းဖြစ်သည်ကို သိလိုက်ရကြောင်း ရှင်းပြသွားခဲ့သည်။




FOLLOW US