News

လက်ရွေးစင်အသင်းလူစာရင်းမှ အယ်လ်လီ နုတ်ထွက်

လန်ဒန်၊ စက်တင်ဘာ ၁၀

အင်္ဂလန်လက်ရွေးစင်အသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် စပိန်က အင်္ဂလန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ဥရောပနိုင်ငံများလိဂ်အုပ်စုပွဲစဉ်တွင် ကြွက်သားထိခိုက်မှု အသေးစားဒဏ်ရာတစ်ရပ်ရရှိသွားခဲ့သည့်အတွက် လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ အယ်လ်လီသည် အင်္ဂလန်နှင့် စပိန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းဥရောပနိုင်ငံများလိဂ်ပွဲစဉ်တွင် ပွဲချိန်မိနစ် ၉၀ ပြည့် ပါဝင်ကစားပေးသွားခဲ့ပြီး ဒဏ်ရာနာကျင်မှုအချို့ရှိနေသေးခြင်းကြောင့် အယ်လ်လီကို ဆွစ်ဇာလန်နှင့်ကစားမည့် ခြေစမ်းပွဲတွင် ထည့်မသုံးတော့ဘဲ မိခင်ကလပ် စပါးအသင်းထံ ပြန်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း နည်းပြ ဆောက်ဂိတ်က ပြောကြားထားသည်။

အယ်လ်လီသည် လာမည့်စနေနေ့တွင် စပါးနှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာနိုင်ရန် မျှော်လင့်လျက်ရှိပြီး အယ်လ်လီမှာ ပွဲဆက်များစွာ ကစားခဲ့ရခြင်းနှင့် လုံလောက်စွာ အနားယူချိန် မရရှိခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ကြွက်သားနာကျင်မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စပါးအသင်းဆေးအဖွဲ့က သုံးသပ်ထားသည်။




FOLLOW US