News

05-Jul-2018

Soccer World Cup England Pickford
ကိုလံဘီယာကစားသမားများ၏ပင်နယ်တီကန်သွင်းတတ်ပုံများကို ရေဘူးတွင်ရေးမှတ်၍ ပစ်ခ်ဖို့ဒ် ယူဆောင်သွား

မော်စကို၊ ဇူလိုင် ၅

အင်္ဂလန်လက်ရွေးစင်အသင်းဂိုးသမား ပစ်ခ်ဖို့ဒ်သည် အင်္ဂလန်က ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ကိုလံဘီယာကစားသမားများ၏ပင်နယ်တီကန်သွင်းတတ်သော အလေ့အထများကို ရေဘူးတွင် ရေးမှတ်၍ ယူဆောင်သွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။

ကိုလံဘီယာအသင်းသည် အင်္ဂလန်နှင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ပင်နယ်တီလွဲချော်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းလွဲချော်ခဲ့သော ပင်နယ်တီနှစ်လုံးတွင် တစ်လုံးက ဂိုးဘားတန်းကို ထိထွက်သွားခြင်းဖြစ်ကာ ကျန်တစ်လုံးကိုမူ ပစ်ခ်ဖို့ဒ်က ပုတ်ထုတ်ကာကွယ်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခ်ဖို့ဒ်သည် ၎င်းရေးမှတ်ယူသွားခဲ့သော မှတ်တမ်းအချက်အလက်များနှင့် မတူကွဲပြားစွာ ပင်နယ်တီကန်သွင်းသွားခဲ့သူမှာ ဖယ်လ်ကာအိုတစ်ဦးတည်းသာရှိခဲ့သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး အချို့သော ပင်နယ်တီကန်ချက်များကို ၎င်းမကာကွယ်နိုင်ခဲ့သည်မှာ ဘောလုံး၏အလျင်နှုန်းကြောင့်ဖြစ်ကြောင်းလည်း ပစ်ခ်ဖို့ဒ်က ရှင်းပြသွားခဲ့သည်။

အင်္ဂလန်သည် ကိုလံဘီယာနှင့်ပွဲစဉ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အစဉ်အဆက် ရင်ဆိုင်ခဲ့ရသော ပင်နယ်တီအဆုံးအဖြတ်ခံယူမှု ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမည့် ဆွီဒင်ကိုလည်း အကောင်းဆုံးပုံစံဖြင့် အံတုယှဉ်ပြိုင်ကာ သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးပြမည်ဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ကြုံးဝါးပြောဆိုထားသည်။




FOLLOW US